ယမန်နေ့ညက မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦး ထပ်မံဖမ်းဆီးခံရ

အာဏာသိမ်းစစ်ကောင်စီက ကချင်ပြည်နယ်အတွင်းရှိ သတင်းမီဒီယာသမားများ ပစ်မှတ်ထားဖမ်းဆီးမှုတွေ တိုးမြင့်လုပ်ဆောင်လာကာ ဧပြီ ၁၄ ရက်နေ့ညပိုင်းတွင် ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးကို စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကာ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း သိရပါတယ်။

ယမန်နေ့ညမှာပင် မြစ်ကြီးနားသတင်းဂျာနယ် သတင်းထောက်ဟောင်းဖြစ်တဲ့ မမျိုးမြတ်မြတ်ပန်ကို ညနေ ၆ နာရီခွဲအချိန်ခန့်က သူမနေအိမ်မှာပင် အရပ်ဝတ်ရဲများ၊ ယူနီဖောင်ဝတ်ရဲများက ကားသုံးစီဖြင့် လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ကချင်ပြည်နယ်အခြေစိုက်သတင်းထောက်များဖြစ်တဲ့ The 74 Media မှ သတင်းထောက် မချန်ဘူ၊ Kachinwaves သတင်းဌာနမှ သတင်းထောက်ကိုလရော်၊ ဗန်းမော်အခြေစိုက်သတင်းထောက်တစ်ဦးနဲ့ ဖားကန့်မြို့ရှိ အလွတ်တမ်းသတင်းထောက် ကိုနောင်ရိုးတို့ကိုလည်း ပုဒ်မအသီးသီးဖြင့် ဖမ်းဆီးအမှုဖွင့်အရေးယူထားကာ ပြည်နယ်အခြေစိုက် သတင်းထောက်များကို ဝရမ်းထုတ်ထားမှုတွေလည်း ရှိကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၅၀ ဦးထက်မနည်း ဖမ်းဆီးအရေးခံရမှုတွေ ရှိနေသလို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ရဲ့ အကြမ်းဖက်နှိမ်နှင်းပစ်ခတ်မှုကြောင့် ပြည်သူ အနည်းဆုံး ၇၁၅ ဦး ကျဆုံးခဲ့ရပြီးဖြစ်ကာ ၃၀၀၀ ကျော်ထက်မနည်းလည်း ဖမ်းဆီးချုပ်နှောင်ခံထားရပြီး သေဒဏ်ပေးခံရမှုများလည်း ရှိနေပါတယ်။

Leave a Reply

*