မြေလွတ်မြေရိုင်းဥပဒေဖြင့် ရှဒန်ပါကျေးရွာသားများရဲ့ လယ်ယာမြေ ဧက ၄၀၀ ကို အစိုးရနဲ့ စပ်တူအလုပ်လုပ်ဆောင်နေတဲ့ ဦးနိုင်ဝင်းနဲ့အပေါင်းအပါများက တင်သွင်းပြီး သိမ်းယူခဲ့ကြောင်းသိရှိရပါတယ်။
မိမိလယ်ယာမြေပြန်လည်ရရှိဖို့ စစ်ဘေးရှောင်စခန်းများရှိ ရှဒန်ပါကျေးရွာသားများက ကချင်ပြည်နယ်အစိုးရဆီကို ဩဂုတ်လ ၂၅ ရက်နေ့က စာတင်သွင်းထားကြောင်း ကျေးရွာသားများက ပြောပါတယ်။
ဦးနိုင်ဝင်းနဲ့အပေါင်းအပါ ၈ ယောက်က ရှဒန်ပါကျေးရွာသားများ စစ်ဘေးရှောင်သွားတာကြောင့် ချန်ရစ်ထားခဲ့ရတဲ့မြေနေရာများကို တစ်ဦးလျှင် မြေဧက ၅၀ စီဖြင့် ခွဲယူခဲ့ကြကာ ဒေါ့ဖုန်းယန်ကျေးရွာ ထောက်ခံချက်၊ ဗန်းမော်ခရိုင်ရဲ့ ထောက်ခံချက်များဖြင့် ကချင်ပြည်နယ်အစိုးရ မြေစာရင်းဦးစီးဌာနမှာ တင်သွင်းရယူခဲ့ကြပါတယ်။
အခုလို မြေလွတ်မြေရိုင်းဥပဒေဖြင့် စစ်ဘေးရှောင်ပြည်သူများရဲ့ မြေယာများကို ရယူသိမ်းပိုက်လိုက်တာကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေတဲ့ ရှဒန်ပါဒေသခံများက မိမိမြေယာများပြန်လည်ရယူနိုင်ဖို့ ဦးနိုင်ဝင်းနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးစားနေပေမယ့် လက်ရှိအချိန်ထိ တွေ့ဆိုင်နိုင်ခြင်းမရှိသေးပါဘူး။
ဇွန်လိုင်လအတွင်း ဦးနိုင်ဝင်းနဲ့ တွေ့ဆုံနိုင်ဖို့ ရက်သတ်မှတ်ထားတဲ့နေ့မှာ မြို့နယ်ဦးစီး၊ ရဲများဖြင့် ဦးနိုင်ဝင်းရောက်ရှိလာပေမယ့် ကားအတွင်းမှကသာ ယနေ့မအားသေးတာကြောင့် မတွေ့နိုင်သေးကြောင်း ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။
မြေယာပြဿနာကို ဖြေရှင်းနိုင်ဖို့ မြို့နယ်၊ ခရိုင်အဆင့်ဖြင့် ဖြေရှင်းနိုင်ခြင်းမရှိတာကြောင့် ရှဒန်ပါဒေသခံများက ကေအိုင်အို ဗဟိုဌာနကို တင်သွင်းပေမယ့် ဦးနိုင်ဝင်းအဖွဲ့များ လာရောက်ဖြေရှင်းခြင်းမရှိတာကြောင့် ကချင်ပြည်နယ်အစိုးရဆီကို ပြန်လည်တင်သွင်းထားကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
ရှဒန်ပါကျေးရွာက လွန်ခဲ့သောအချိန်များတွင် မြန်မာအစိုးရနဲ့ ကေအိုင်အိုအစိုးရတို့ ထိန်းချုပ်ထားတဲ့ဒေသဖြစ်ကာ ငြိမ်းချမ်းရေမယူခင် ၁၉၉၄ ခုနှစ်အရှေ့ပိုင်းတွင် စစ်ဘေးဒဏ်ကြောင့် စစ်ဘေးရှောင်မှုတွေ မကြာခဏရှောင်ပြေးကာ ပြန်လည်တည်ဆောက်ထားသော ကျေးရွာဖြစ်ပြီး ၂၀၁၁ ခုနှစ်တစ်ကျော့ပြန်စစ်ဖြစ်ပွားမှုကြောင့် ရှဒန်ပါကျေးရွာသား အများစုက လက်ရှိအချိန်တွင် ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။
မြေလွတ်မြေရိုင်းဥပဒေဖြင့် သိမ်းဆည်းခံလိုက်ရတဲ့ ရှဒန်ပါကျေးရွာမြေယာများကို ပြန်လည်ရရှိဖို့ ကချင်ပြည်နယ်အစိုးရကို လျှောက်ထားကာ ဩဂုတ်လ ၃၀ ရက်နေ့တွင် အစိုးရတာဝန်ရှိသူများက ရှဒန်ပါဒေသခံများနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေပါတယ်။