ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက်၊ ဆိုင်းဝမ်တွင် မြန်မာစစ်တပ်ကသိမ်းဆည်းလိုက်တဲ့ မြေယာအငြင်းပွားမှုပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့ ဇန်နဝါရီ ၉ ရက်နေ့က ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပါတယ်။

ယင်းမြေနေရာက ကချင်လူမျိုး အိမ်ထောင်စု (၅၀) ကျော်နေထိုင်ရာနေရာကို မြန်မာစစ်တပ်က သိမ်းဆည်းရယူလိုက်ကာ နှစ်အတော်အတန်ကြာပေးမယ့် ဒီမြေနေရာနဲ့သက်ဆိုင်ပြီး ဖြေရှင်းပေးမှုမရှိတာကြောင့် ယခုလို ကိုဗစ်ကာလဖြစ်ပေမယ့် အမြန်ဆုံးဖြေရှင်းပေးဖို့ ထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
“ဒီကကျောက်ပြားတွေက ကျတော်တို့ညီအစ်ကိုတွေရဲ့ မြေနေရာကို သိမ်းဆည်းပြီးတော့ လုပ်ထားတဲ့နေရာပါ အမှုစွဲထားတာကိုလည်း ယနေ့အချိန် မပြီးဆုံးနိုင်သေးတာကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်၊ ဘုရားကျောင်းနဲ့ အိမ်နေရာတွေအကုန်သိမ်းဆည်းလိုက်တာပါ မြန်မာစစ်တပ်အနေဖြင့် ယနေ့အချိန်ထိ အမှုစွဲထားပြီးတော့ တစ်စုံတစ်ရာဆုံးဖြတ်နိုင်အောင်လည်း လုပ်ဆောင်ခြင်းမရှိတာကြောင့်ပေါ့” လို့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အတွင်းရေးမှူး ဒါ့ရှိနော်လောန်ကပြောပါတယ်။
မြန်မာစစ်တပ်ကသိမ်းဆည်းလိုက်တဲ့မြေနေရာဖြစ်တာကြောင့် တစ်ဉီးတစ်လေမျှဖြန်ဖြေပေးခြင်းမရှိ အမှုစွဲဆိုထားမှုကလည်း အချိန်ကြာမြင့်နေပြီဖြစ်ကြောင်း သူကဆက်ပြောပါတယ်။
“ယခုလိုအချိန်ကြာမြင့်နေရတာက မြန်မာစစ်တပ်က သိမ်းဆည်းပြီး ယခုလိုလုပ်ဆောင်ထားတာကြောင့် မည်သူတစ်ဦးတစ်လေကမှ ဖြေရှင်းပေးဖို့ မဝံ့မရဲဖြစ်နေပြီး ဘယ်သူကမှ တာဝန်မခံချင်ကြဘူးဖြစ်နေတယ်”
မြန်မာစစ်တပ်က ဆိုင်းဝမ်အပိုင်းရှိ မြေနေရာသိမ်းဆည်းထားခဲ့ပြီး လက်ရှိတွင် အစိုးရရုံးတည်ဆောက်ဖို့လုပ်ဆောင်နေကာ အမှုစွဲဆိုထားမှုကလည်း ၈ နှစ်နီးပါးရှိလာပေမယ့် ပြီးပြတ်သေးခြင်းမရှိသေးကြောင်း သိရှိရပါတယ်။