ဖားကန့်မြို့နဲ့ ကားမိုင်းမြို့ကြားရှိ မအူပင်ကျေးရွာမှာ အမျိုးသမီးနှစ်ဦး မြေမြုပ်မိုင်းနင်းမိကာ အသက် (၄၅) နှစ်အရွယ် ကလေး သုံးဦးမိခင်ဖြစ်သူ အသက်ဆုံးရှုံးခဲ့ရပါတယ်။
မြေမြုပ်မိုင်းနင်းမိသူနှစ်ဦးက အသက် (၄၅) နှစ်အရွက် ဒေါ်အာဆာမီးနဲ့ အသက် (၇၄) နှစ်အရွယ် မိခင်ဖြစ်သူ လာမီးဟူ တို့ဖြစ်ကြကာ မတ်လ ၂၂ ရက်နေ့ စိုက်ခင်းသွားချိန် မအူပင်ကျေးရွာအနီး ဘွမ်ရောင်ပါတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
“မိခင်ဖြစ်သူက ဘွမ်ရောင်ပါမှာရှိတဲ့ မီးသွေးဖုတ်တဲ့နေရာဘက်ကို အရောက်လာပြီး ပြောပြခဲ့လို့ မနေ့ညက သွားကယ်နိုင်ခဲ့တာ၊ သူ့ဒဏ်ရာကတော့ ဘယ်ခြေပေါင်ရင်း၊ ခြေသလုံးစတဲ့နေရာတဝိုက် မိုင်းစတွေထိကုန်တာပါ သမီးကတော့ ဘယ်ခြေသလုံးအကုန်ပါသွားသလိုဖြစ်နေတယ်” လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
ဒီမြေမြုပ်မိုင်းက ဘယ်အဖွဲ့အစည်းကထောင်ထားတဲ့မိုင်းဖြစ်တယ်ဆိုတာကို အတိအကျမသိပေမယ့် ကျေးရွာမှာတော့ အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေတပ်ဘက်မှ တောတွင်းဝင်ရောက်ခြင်းမပြုလုပ်ဖို့ ပြောဆိုထားတာရှိကြောင်း သိရပါတယ်။
“တောဘက်မဝင်ဖို့တော့ ပြောထားပေမယ့် မိမိအသက်မွေးဝမ်းကြောင်းအလုပ်အတွက် အခုလိုဖြစ်သွားတာကြောင့် စိတ်မကောင်းဖြစ်ရပါတယ်၊ ဒေသခံတွေကလည်း အချိန်အခါကို ကြည့်ပြီး သွားလာဖို့လိုအပ်နေပြီ၊ မိမိအသက်အတွက်လိုအပ်လာတော့လည်း မသွားနဲ့မလုပ်နဲ့ဆိုရင်တော့ လိုက်နာရတော့တာပေါ့၊ သတိကြီးစွာနေနေရပါတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မြေမြုပ်မိုင်းနင်းမိပြီး အသက်ဆုံးပါးသွားရတဲ့ ဒေါ်အာဆာမီးရဲ့ ရုပ်အလောင်းကိုတော့ မတ်လ ၂၃ ရက် နေ့လည် ၁၁ နာရီအချိန်တွင် ဒေသခံများ ရှာဖွေနိုင်ခဲ့ကာ အသုဘချလိုက်ပြီဖြစ်ပြီး မိခင်ဖြစ်သူကိုတော့ မြစ်ကြီးနားမြို့ မပခ စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေပါတယ်။