ယနေ့ ဧပြီ ၂၄ ရက် မနက် ၆ နာရီခွဲအချိန်မှာတော့ ကေအိုင်အေ တပ်မဟာ (၅) နယ်မြေဖြစ်တဲ့ ဒေါ့ဖုန်းယန်၊ မြို့သစ်ကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ အနီးဝန်းကျင်ဘက်ကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုတွေပြုလုပ်ခဲ့သလို လေကြောင်းဖြင့်လည်း လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

“ဒီမနက် ၆ နာရီခွဲအချိန်မှာ မြို့သစ်အပေါ်ဘက်ကနေ လက်နက်ကြီးတွေ ပစ်ခတ်လိုက်တာတွေရှိတယ် ၆ ခွဲကနေ ၉ နာရီအထိ တစ်ကြိမ်၊ ၉ နာရီ ၄၀ နဲ့ ၁၀နာရီ ၄၀ အထိ နောက်တကြိမ်အဆက်မပျက်ပစ်ခတ်ခဲ့တယ်၊ ကေအိုင်အေဘက်က သွားပစ်ခတ်တာတော့မရှိဘူး” လို့ ရှေ့တန်းစခန်းတာဝန်ရှိသူက အခုလိုပြောပါတယ်။
သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၃၄) နယ်မြေဖြစ်တဲ့ မန်ဒုံကျေးရွာအနီးတွင် ဧပြီ ၂၃ ရက်နေ့က ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်များအနေဖြင့် မန်ဒုံကျေးရွာဘက်ကနေ စစ်ရေးလှုပ်ရှားမှုပြုလုပ်လာစဉ် ကေအိုင်အေတပ်ရင်း (၃၄) တပ်သားများမှ မန်ဒုံကျေးရွာအနီး မော်လုံနဲ့ မော်နွယ်ကြားတွင် တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ထို့ပြင် ဧပြီ ၂၂ ရက်နေ့မှာလည်း KIA တပ်ရင်း (၃၄) နေရာဖြစ်တဲ့ ရဲဘုံတွင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
ယမန်နေ့ ဧပြီ ၂၃ ရက်နေ့မှာတော့ ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၉) နယ်မြေ ထန်ဖာ့ဘွမ်တွင် စစ်ကောင်စီတပ်မ (၉၉) နဲ့ MNDAA တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ နန့်ဖက်ကာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားရာနေရာဘက်ကို ၁၀၅-မမ ဖြင့် (၁၂) ကြိမ်တိုက် ပစ်ခတ်မှုပြုလုပ်ခဲ့သလို ရဟတ်ယာဉ်ဖြင့်လည်း လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။