မြန်မာ့နှစ်သစ်ကူးနေ့မှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်ကြား နှစ်နေရာတိုက်ပွဲဖြစ်ပွား

ကေအိုင်အေ တပ်မဟာ (၅) နယ်မြေ နဲ့ တပ်မဟာ (၈) နယ်မြေ နှစ်နေရာတွင် ယနေ့ မြန်မာ့နှစ်သစ်ကူးအခါသမယနေ့တွင် ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကေအိုင်အိုဌာနချုပ်နယ်မြေ တပ်မဟာ (၅) တပ်ရင်း (၃) ဒေသဖြစ်တဲ့ ဆဒုံမြို့နယ်၊ ချီဖွေလမ်းစုံလမ်းဂွတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များနဲ့ ကေအိုင်အေတပ်ကြား ဧပြီ ၁၇ ရက်နေ့မနက် ၅ နာရီခွဲအချိန်ခန့်တွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ယနေ့မနက် ၇ နာရီခွဲအချိန်မှာတော့ ကေအိုင်အေ တပ်မဟာ (၈) နယ်မြေအတွင်း စစ်ယာဉ်တန်းများဖြင့် ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်များနဲ့ ကေအိုင်အေတပ်ကြား နန့်စီးအောင်တွင် တစ်ကြိမ်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ယမန်နေ့ ဧပြီ ၁၆ ရက်နေ့မှာတော့ ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၃၄) နယ်မြေအတွင်း စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်ကောင်စီကို ကေအိုင်အေတပ်ဖွဲ့များမှ ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။

ဧပြီ (၁၅) ရက်နေ့မှာတော့ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်း (၁၄) ဒေသတွင် နမ့်ခမ်းစက်လှေဆိပ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခလရ (၇၄) နဲ့ ခမရ (၃၁၈) တို့မှ စာသင်ကျောင်းအနောက်ဘက် နမ့်မနမှော်ဘက်ကို ၆၀-မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်များမှ ဧပြီ ၁၂ ရက်နေ့ အလော့ဘွမ်အနီးတဝိုက် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်းများပြုလုပ်စဉ် မိုင်းစထိမှန်ခဲ့တဲ့ အသက် (၈၃) နှစ်အရွယ် အဖွားအိုတစ်ဦး ယနေ့တွင် ထပ်မံသေဆုံးသွားခဲ့ရပါတယ်။

Leave a Reply

*