ဗန်းမော်ခရိုင် မန်ဂျယ်မြို့နယ် ဂါးရာယန်မှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ် ခလရ (၆၀၁) တပ်က ဒေသခံများထံမှ မတရားသိမ်းယူထားတဲ့ မြေယာအချို့ကို ပြန်လည်ရောင်းချမှုတွေရှိနေကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။
၂၀၀၁ ခုနှစ်က မြန်မာစစ်တပ် ခလရ (၆၀၁) တပ်က အဲ့ဒီဒေသရှိ မြေဧက (၆၀၀) ဝန်းကျင်သိမ်းဆည်းလိုက်တဲ့အပြင် မြေပိုင်ရှင်များကိုလည်း နေရာဖယ်ပေးပြောဆိုလာကာ ထိုနေရာများက ဒေသခံများ ဘိုးစဉ်ဘောင်အဆက်ဆက် လုပ်ကိုင်စားသောက်လာတဲ့မြေနေရာဖြစ်တာကြောင့် ဖယ်ရှားပေးခြင်းမပြုနိုင်ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
“သေရင်တောင် ဒီလယ်တောမှာပဲ သေလိုက်မယ်၊ တပ်ပိုင်မြေဆိုပြီးတော့ လိမ်လည်ပြောဆိုလာပြီး နာမည်တစ်ခုခုနဲ့ပြန်ရောင်းချတာတွေလုပ်မယ်၊ ရာဘာခြံလည်းရောင်းလိုက်ကြပြီ” လို့ဒေသခံတစ်ဦးက သူ့အမြင်ကိုပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ မြန်မာတပ်မတော်အနေဖြင့် အရပ်သားအစိုးရဆီကနေ မတရားအာဏာသိမ်းယူမှုတွေဖြစ်ပွားခဲ့တာကြောင့် ဒီသိမ်းဆည်းလိုက်တဲ့ မြေယာနဲ့သက်ဆိုင်ပြီး ပြန်လည်ရရှိဖို့အရေးကလည်း ပိုမိုခက်ခဲသွားဖို့ရှိနေတယ်လို့ ဒေသခံများက ယူဆထားပါတယ်။
မြန်မာစစ်တပ် ခလရ (၆၀၁) တပ်က ဒေသခံများရဲ့ မြေယာများသိမ်းဆည်းပြီး ရာဘာခြံပြုလုပ်ကာ ပြန်လည်ရောင်းချလိုက်မှုတွေလည်းရှိထားကာ လက်ရှိသိမ်းဆည်းထားတဲ့နေရာများကတော့ မန်ရော့၊ မိတုန်ကထောင်၊ နမ့်မာဖွယ်၊ ဂါးရာယန်ကျေးရွာရှိ ဒေသခံများရဲ့ မြေနေရာများဖြစ်ပါတယ်။