တနိုင်း လီဒိုလမ်းရှိ ဝါရာဇွပ်ကျေးရွာအနီး မြန်မာ့စစ်တပ်နှင့် ပြည်သူ့စစ်တို့ ပူးပေါင်းကာ ခရီးသွားပြည်သူများကို ရပ်တန့်စစ်ဆေးခြင်း၊ ပစ္စည်းများကိုရှာဖွေခြင်းများ လုပ်ဆောင်နေတာကြောင့် ကျေးရွာပြည်သူများ စိုးရိမ်ကြောင့်ကြနေကြောင်း သိရှိရသည်။ ဝါရာဇွပ်ကျေးရွာနှင့် အနီးတဝိုက်ကျေးရွာရှိ ပြည်သူများသည် လယ်ယာစိုက်ပျိုးခြင်း၊ တောင်ယာခုတ်ခြင်းများ စတဲ့စိုက်ပျိုးရေးလုပ်ငန်းများ အဓိကထားလုပ်ဆောင်နေတာကြောင့် သွားလာဖြတ်သန်းနေစဉ်အတွင်း ယခုလို စစ်ဆေးမေးမြန်းခြင်းများလုပ်ဆောင်နေခြင်းကြောင့် ကြောက်လှန့်စိုးရိမ်မှုများ ဖြစ်ပေါ်နေတယ်လို့ ကျေးရွာပြည်သူများမှ ပြောသည်။ “ရွာသူရွာသားများအတွက် အဟန့်အတားဖြစ်စေတယ်၊ တချို့က စစ်သားတွေဆိုတာနဲ့ ကြောက်နေကြပြီ၊ သွားလာနေရင်းစစ်ဆေးလို့ရှိရင် တချို့ကမြန်မာစကားပြောတတ်ပေမယ့် တချို့ကျတော့ မေးမြန်းတာကို နားမလည်သလို မဖြေတတ်တာကြောင့် အချိန်ကြာလာရင်တော့မကောင်းဘူး” လို့ ကျေးရွာသားတစ်ယောက်က သူ့အမြင်ကို ပြောပြသည်။ မြန်မာစစ်တပ် ခမရ (၃၉၀)နှင့် ပြည်သူ့စစ်တို့ ဖြတ်သန်းသွားလာသူများကို မေးမြန်းနေခြင်းက ဘာ့ကြောင့်လဲဆိုတာကို မသိပေမယ့် လက်ရှိတွင် ရက်ပေါင်း ၁၀ ရက်မျှရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရသည်။