ကေအိုင်အေနဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မြစ်ဆုံအထက်ဘက်ရှိ အင်ဂျန်းယန်မြို့နယ် ဂွေထော်ကျေးရွာမှ တဖရဲကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ဘေးရှောင်ပြည်သူများ မတ်လ ၁၆ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်မှာတော့ ယခင်နေထိုင်ခဲ့တဲ့ ပလနစစ်ဘေးရှောင်စခန်းဘက်ကို ပြောင်းရွေ့ခွင့်ရရှိခဲ့ပါတယ်။

ယခုထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူများက မတ်လ ၁၅ ရက် ပစ်ခတ်တိုက်ခိုက်မှုတွေရှိလာတာကြောင့် မိမိအရပ်ဒေသကို စွန့်ခွာပြီး တဖရဲကျေးရွာဘက်ကို စစ်ပြေးလာခြင်းဖြစ်ကာ တဖရဲကျေးရွာတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်မှ ဟန့်တားမှုတွေရှိပေမယ့် PCG အဖွဲ့ရဲ့ ညိှ့နှိုင်းမှုအရ ညတွင်းခြင်း စစ်ဘေးရှောင်လာသူ ၁၄၃ ဦး ပလနစစ်ဘေးရှောင်စခန်းဘက်ကို ပြန်လည်ပြောင်းရွေ့ရခဲ့ခြင်းဖြစ်ပါတယ်။
“ကျတော်တို့က ယခင်ကတည်းကိုက စစ်ဘေးရှောင်နေရသူတွေလေ ဝမ်းရေးအတွက်ကြောင့်ပဲ ဒီကျေးရွာဘက်ပြန်နေထိုင်ပြီး လုပ်ကိုင်စားသောက်နေတာကို စစ်ပွဲတွေ ပြန်ဖြစ်လာတော့ ပြန်လည်စစ်ဘေးရှောင်ရခြင်းဖြစ်တယ်လို့ PCG အဖွဲ့နဲ့ အခြားတာဝန်ရှိသူတွေ မြန်မာစစ်တပ်နဲ့ ညိှ့နှိုင်းပြောဆိုပြီး ဒီကိုပြန်ခေါ်လာတာပါ” လို့ တကျော့ပြန်စစ်ဘေးရှောင်လာရတဲ့ ပြည်သူတစ်ဦးကပြောပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများက အင်ဂျန်းယန်မြို့နယ်ရှိ ဂွေထော်ကျေးရွာ၊ တန်ဘောင်ကျေးရွာ၊ ဆနီတူးယန်ကျေးရွာ၊ ဖါ့ဇိပ်ဇွပ်ကျေးရွာရှိ ပြည်သူများဖြစ်ကာ ၂၀၁၈ ခုနှစ်တုန်းကလည်း စစ်ဘေးရှောင်ရကာ မြစ်ကြီးနားမြို့ရှိ ပလန ကက်သလစ်စစ်ဘေးရှောင်စခန်းနဲ့ ထရီနတီစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံခဲ့သူများဖြစ်ကာ အသက်မွေးဝမ်းကြောင်းအတွက် မိမိနေရပ်ပြန်လည်နေထိုင် လုပ်ကိုင်နေကြသူများဖြစ်ကာ ယခုမှာတော့ ဒုတိယအကြိမ်းမြောက် စစ်ဘေးရှောင်လာရခြင်းဖြစ်ပါတယ်။
မတ်လအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ကားမိုင်းမြို့နယ် နမ့်ရှန်ကျေးရွာနဲ့ အင်းဂျန်းယန်မြို့နယ် ဂွေထော်ကျေးရွာတဝိုက် ဝင်ထွက်သွားလာခြင်းမပြုလုပ်ကြဖို့ အာဏာသိမ်းစစ်တပ်က အကြောင်းကြားထားမှုတွေရှိနေကြောင်း သိရှိရပါတယ်။