တန်ဖဲကျေးရွာ၊ မြစ်ဆုံဒေသတဝိုက် ရွှေတူးဖော်ခွင့် ပိတ်ပင်ထားပေမယ့် လွန်ခဲ့သောလကစတင်ပြီး စက်ယန္တယားကြီးများဖြင့် ရွှေတူးဖော်မှု ဆက်လက်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူများက မလိုလား ကန့်ကွက်နေကြတာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်ကစတင်ပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအတွက် စိုးရိမ်ဖွယ်ဖြစ်လာတာကြောင့် ဒေသခံပြည်သူများက မြစ်ဆုံတဝိုက် ရွှေတူးဖော်ခြင်း ပြုလုပ်ကြဖို့ အကြိမ်ကြိမ်တောင်းဆို ကန့်ကွက်ခဲ့တာဖြစ်ပြီး လက်ရှိ စစ်တပ်အာဏာသိမ်းပြီး နောက်မှာတော့ စက်ယန္တယားကြီးများဖြင့် ပိုမိုဆိုးရွားစွာ တူးဖော်လာနေတယ်လို့ ဒေသခံများက ပြောကြပါတယ်။
“တိုင်းပြည် မငြိမ်မသက်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ရွှေတူးဖော်နေကြတာကြောင့် မြစ်ဆုံဒေသ ပတ်ဝန်းကျင်က မြစ်ဆုံဆည်ကြောင့် ပျက်စီးလာနိုင်သလို ရွှေတူးဖော်ခြင်းကြောင့် အရင်ပျက်စီးရမည့် ကိန်းဖြစ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်တွင် မြစ်ဆုံဒေသတဝိုက် ကုမ္ပဏီကြီး ၃ ခုမှ ရွှေတူးဖော်ခြင်းများ လုပ်ဆောင်နေတာကြောင့် ဒေသခံများက အောက်တိုဘာ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသားအားလုံးတန်ဖိုးထားတဲ့ မြစ်ဆုံဒေသတဝိုက် စက်ယန္တယားကြီးများဖြင့် ရွှေတူးဖော်ခြင်းကြောင့် ရေရှည်နောက်ဆက်တွဲ သဘာဝဆိုးကျိုးများ၊ လူမှုဆိုးကျိုးများ ဖြစ်ပေါ်လာပါက ရွှေတူးဖော်သူများ၊ ခွင့်ပြုသူများ၊ အားပေးထောက်ခံသူများနဲ့သာ သက်ဆိုင်ကြောင်း သဘောထားထုတ်ပြန်ထားပါတယ်။