ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် မြစ်စုံအထက်ဘက်ရှိ ဂွေထော်ကျေးရွာအနီးတွင် ကေအိုင်အေ တပ်မဟာ (၁) တပ်ရင်း (၄) နဲ့ အာဏာသိမ်းစစ်တပ် ခလရ (၁၄၂) ကြား မတ်လ ၁၅ ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံများ ညအချိန် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

မတ်လ ၁၅ ရက် ညနေ ၅ နာရီခွဲအချိန်မှ ၆ နာရီခွဲအချိန်ထိ ကေအိုင်အေ တပ်ရင်း (၄) နဲ့ ခလရ (၁၄၂) ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အာဏာသိမ်းစစ်တပ်ဘက်မှ ယနေ့ မတ်လ ၁၆ ရက်မနက် ၄ နာရီအချိန်ထိ လက်နက်ကြီးငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုတွေပြုလုပ်ကာ ကျေးရွာအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေ ဖြစ်လာတာကြောင့် ဂွေထော်ကျေးရွာနဲ့ အနီးတဝိုက်နေထိုင်သူများက မြစ်စုံရှိရာ တန်ဖရဲကျေးရွာဘက် စစ်ဘေးရှောင်ခဲ့ကြရတာဖြစ်ပါတယ်။
“မြန်မာစစ်တပ်ဘက်က ပြန်နားပြီး ပြန်ပစ်နေတာ၊ မနက် ၄ နာရီအချိန်ထိပဲ၊ တိုက်ပွဲဖြစ်နေချိန်မှာလည်း ရွာအနီးကို လက်နက်ကြီးလာကျသေးတော့ ကျတော်တို့လည်း စိုးရိမ်တော့ အိမ် ၃ အိမ်မှာ အားလုံးအတူခိုလှုံပြီး မနက်မိုးလင်းအထိနေခဲ့ရပါတယ်” လို့ ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးကပြောပါတယ်။
တန်ဖရဲကျေးရွာဘက်ကို စစ်ဘေးရှောင်လာသူများက ၂၀၁၈ ခုနှစ်စစ်ဖြစ်ပွားတုန်းက မြစ်ကြီး ပလန ကက်သလစ်စစ်ဘေးရှောင်စခန်း၊ ထရီနတီစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံခဲ့တာဖြစ်ပြီး အသက်မွေးဝမ်းကြောင်းအတွက် မိမိအရပ်ဒေသဘက်သွားရောက် ရှာဖွေစားသောက်ဖို့ နေထိုင်နေစဉ် ယခုလိုနောက်တစ်ကြိမ်း စစ်ဘေးရှောင်နေကြရခြင်းဖြစ်ပါတယ်။
စစ်ဘေးရှောင်လာသူများက ဂွေထော်ကျေးရွာ၊ တန်ဘောင်ယန်၊ ဆနီထု၊ Hpatsip ဇွပ် ကျေးရွာဘက်မှ ဒေသခံများဖြစ်ကာ အသက်၁၀၀ ကျော်အဖွားအိုမှ မွေးဖွားပြီး ၁ လမပြည်သေးတဲ့ကလေးသူငယ်အထိပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ ၂၀၀ ခန့်ကို တန်ဖရဲကျေးရွာတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်မှ စစ်ဘေးရှောင်ပြည်သူများကို ယခင်နေထိုင်ခဲ့တဲ့ စစ်ဘေးရှောင်စခန်းဘက်ကို ပြန်လည်သွားရောက်ခွင့်မပြုတာကြောင့် လက်ရှိတွင် တန်ဖရဲကျေးရွာရှိ ကက်သလစ်ဘုရားကျောင်းဝင်းတွင်သာ နေထိုင်နေကြရပါတယ်။