မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း မိုးတွင်းကာလ သွားလာရခက်ခဲနေ

မြစ်ကြီးနားမြို့နဲ့ ဗန်းမော်မြို့ကြား ခရီးသွားလာဖို့ ယခုနှစ်မိုးတွင်းကာလမှာတော့ ယခင်နှစ်ထက်သွားလာဖို့ အဆင်မပြေမှုတွေများပြားကြောင်း ခရီးသွားပြည်သူများထံမှ သိရပါတယ်။

ယခင်နှစ်မှာတော့ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း ကူးသန်းသွားလာရေးတွင် မိုးတွင်းကာလဖြစ်ပေမယ့် အခက်အခဲသိပ်မရှိ အဆင်ပြေချောမွေ့ပေမယ့် ယခုနှစ်မှာတော့ အရပ်သားအစိုးရအုပ်ချုပ်စဉ် လမ်းပိုင်းပြင်ဆင်ဖို့ လုပ်ဆောင်ထားတဲ့ အရာများက စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် ပြုပြင်နိုင်ခြင်းမရှိကာ မိုးရွာသွန်းမှုများပြားချိန် လမ်းပြုပြင်ဖို့ ပြုလုပ်ထားတဲ့အရာများ ရွံ့အဖြစ်ပြောင်းလဲကာ ပိုမိုသွားလာရခက်ခဲစေနိုင်တဲ့အခြေအနေဆိုက်ရောက်သွားကြောင်း ပြည်သူတစ်ဦးကပြောပါတယ်။

“နိုင်ငံရေးရှုပ်ထွေးမှုနေချိန်ဖြစ်တော့ ခရီးသွားလာရေးမှာ အလွန်းသတိကြီးစွာနဲ့ အလျင်အမြန်ခရီးရောက်ဖို့လုပ်ဆောင်ရတဲ့အချိန် လမ်းမကောင်းမွန်မှုကြောင့် အခက်အခဲတွေ့စေတယ်၊ ယခင်တုန်းကတော့ ဗန်းမော်လမ်းပိုင်းမှာ ကျောက်ခင်းလမ်းဖြစ်တာကြောင့် ယခုနှစ်လိုအခက်အခဲမရှိဘူး၊ ဒီနှစ်ကတော့ လမ်းခရီးအခက်အခဲကြောင့် ကားကြီးတွေ ပြည့်ကျပ်နေတော့ ၂ ရက် ၃ ရက်လောက်အိပ်လိုက်ရတယ်’ လို့ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း ကားမောင်းနှင်နေသူ ကားဆရာတစ်ဦးကပြောပါတယ်။

ဂျာပူအထက်ပိုင်းကနေ နမ့်ဆန်ယန်ကျေးရွာအထိ ကားလမ်းက ပျက်စီးယိုယွင်းနေတာကြောင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးပြုပြင်ပေးဖို့ ခရီးသွားပြည်သူများက လိုလားနေကြပါတယ်။

ထို့အပြင် နိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု တစ်နေ့ထက်တစ်နေ့ များပြားလာခြင်းကြောင့် ခရီးသွားလာရေးတွေ ပိတ်ပင်ထားပေမယ့် ကုန်ပစ္စည်းတင်ဆောင်တဲ့ ကားများကတော့ ပုံမှန်သွားလာနေကြတာပဲ ဖြစ်ပါတယ်။

Leave a Reply

*