မြစ်ကြီးနားမြို့ ဧရာဝတီမြစ် တဖက်ကမ်း မိုင်းနားစုပေါင်းဂိတ် တိုက်ခိုက်ခံရအပြီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်များက စစ်ဘေးရှောင်စခန်းများကို ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မြစ်ကြီးနားမြို့ ဗက်လင်စစ်ရှောင်စခန်းနဲ့ ဇီးလွန်စစ်ဘေးရှောင်စခန်း ၂ ခုတွင် စစ်ကောင်စီတပ်များက ဧည့်စာရင်းစစ်ဆေးမှုတွေ လာရောက်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်များက စစ်ဘေးရှောင်စခန်းတာဝန်ခံများကို ခေါ်ယူပြီး စခန်းအတွင်းရှိ အိမ်ထောင်စာရင်း၊ လူစာရင်းများကို စစ်ဆေးစေကာ ဧည့်သည်ရှိမရှိဆိုတာနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ နီးစပ်သူရှိမရှိ၊ စခန်းဖွင့်ချိန် ပိတ်ချိန်များကို စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်တပ်အဖွဲ့မှ ဗက်လင်စစ်ဘေးရှောင်စခန်းကို ဦးစွာဝင်ရောက်စစ်ဆေးမှု ပြုလုပ်အပြီး ဇီးလွန်စစ်ဘေးရှောင်စခန်းကို ပြန်လည်စစ်ဆေးမှုလုပ်ဆောင်ခဲ့ကာ ယခုလို အမှတ်မထင် လက်နက်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်များ ဝင်ရောက်လာခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများ စိုးရိမ်ခဲ့ကြရပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်များအနေဖြင့် ကချင်ပြည်နယ်တလွှား ခရီးသွားလာနေသူများကိုလည်း စစ်ဆေးမေးမြန်းမှုတွေ နေရာတိုင်းတွင် ပြုလုပ်နေသလို မသင်္ကာသူများကို ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။