ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ မြစ်ကြီးနားမြို့အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူတွေ ပိုမိုများပြားလာကြောင်းသိရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကို စိုးရိမ်နေရတာကြောင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းများ လုပ်ဆောင်လို့မရနေခြင်းက မူးယစ်ဆေးဝါးရောင်းဝယ်သူတွေအတွက် အခွင့်အကောင်းဖြစ်နေတာကြောင့် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ပိုမိုများပြားလာယုံမကပဲ ခိုးဆိုးလုနိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်ပေါ်လာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ “မူးယစ်ဆေးဝါးသုံးစွဲသူတွေ များပြားသွားပြီ၊ ဒီကပ်ရောဂါကာလအတွင်း ရောင်းဝယ်သူတွေအတွက် အခွင့်ကောင်းဖြစ်နေတယ်၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းလည်း လုပ်ဆောင်လို့မရဖြစ်နေတယ်” လို့ မြစ်ကြီးနားမြို့နယ် မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ဆရာကရမ်းဘောင်က ဆိုပါတယ်။ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့အနေဖြင့် မေလ ၂၃ ရက်နေ့က မူးယစ်ဆေးဝါးသုံးစွဲသူ ၁၂ ဦးကို ဖမ်းဆီးမိခဲ့ကာ ထိုသူများကို မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးဂေဟာများကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။