မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူကို ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးရောင်းဝယ်မှုပြုလုပ်နေတဲ့ သူတစ်ဦးကို မူးယစ်ဆေးဝါးနဲ့အတူ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် အောက်တိုဘာ ၇ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

AGABE Hotel အနီးတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုပြုလုပ်နေကြောင်း သတင်းရရှိသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ရောင်းဝယ်သူ ဦးခွန်းဒူ အသက် (၃၂) နှစ်ကို မူးယစ်ဆေးဝါး ဆပ်ပြာခွက်တစ်ခုနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ကာ နေအိမ်ကိုလည်း ပြန်လည်ရှာဖွေမှုပြုလုပ်ရာမှာတော့ မူးယစ်ဆေးဝါးထည့်ထားတဲ့ ဆပ်ပြာခွက် (၃၀) ကိုလည်း ရှာဖွေနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ – Bawk Naw Maran

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု သုံးစွဲမှုတွေက မြစ်ကြီးနားမြို့တင်မက ကချင်ပြည်နယ်တဝှမ်းတွင် လျော့ကျလာခြင်းမရှိ ပိုမိုတိုးများမှုသာ ရှိနေသာကိစ္စရပ်တစ်ခုဖြစ်နေကာ လူငယ်များတွင်လည်း များပြားစွာဖြစ်ပွားနေတာပါ။

“ကျတော်တို့မြစ်ကြီးနားမှာ လုယက်မှုတွေကတော့ နေ့တိုင်းလိုလိုရှိနေတဲ့အပြင် မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကလည်း ပိုမိုရှိနေဆဲပဲ၊ သူတို့ကရောင်းလိုက် ကျတော်တို့ကလိုက်ဖမ်းလိုက်ဖြစ်နေတယ်၊ ဘယ်လိုကိုင်တွယ်ရမလဲတော့ မသိတော့ဘူး” လို့ တပ်ကုန်းအုပ်ချုပ်ရေးမှူး ဦးမရန်ဘောက်နော် ကပြောပါတယ်။

မူးယစ်ဆေးဝါး ဆပ်ပြာခွက် ၃၁ ခုနဲ့အတူ ဖမ်းဆီးရမိတဲ့ ရောင်းဝယ်သူကို မြစ်ကြီးနားမြို့ ပလန အမှတ် (၃) ရဲစခန်းကို အပ်နှံလိုက်ပြီဖြစ်ပါတယ်။

Leave a Reply

*