မြစ်ကြီးနားမြို့တွင် စစ်ကောင်စီအဖွဲ့က လူငယ် ၁၀ ဦးခန့်ကို မတရားဖမ်းဆီး

မြစ်ကြီးနားမြို့ အထက ၁ ကျောင်းအနီးတွင် စက်တင်ဘာ ၈ ရက် ညနေ ၄ နာရီခွဲအချိန်ခန့် လူငယ် အမျိုးသား ၇ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ခန့်က စစ်ကား အိမ်စီးကားဖြင့် အပြင်ဝတ်စုံများ ဝတ်ဆင်ထားကာ လူငယ် ၇ ဦးကို ဒူးထောက်လက်မြောက်ထားခိုင်းကာ အကြောင်းအရင်းမသိ ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြပါတယ်။

“ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေက ဘယ်သူ့သားသမီးလဲ ဘယ်ကလဲဆိုတာ မစုံစမ်းနိုင်သေးတော့ ဆက်လက်သိရှိနိုင်ဖို့ လုပ်ဆောင်နေတယ်၊ အဲ့ဒီအဝိုင်းပတ်မှာ လူငယ်တွေက စုပြီးထိုင်နေတာကို သူတို့က လာရောက်ပြီး ဘာမှမပြောမဆိုနဲ့ တစ်ခါတည်း ကားပေါ်တင် ဖမ်းသွားတာ” လို့ မျက်မြင်တွေ့ရှိသူကပြောပါတယ်။

ထို့ပြင် ယမန်နေ့ည ၅ နာရီခွဲတွင်လည်း မန်ခရိန်ရပ်ကွက်ရှိ လူငယ် ၃ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားမှု ရှိခဲ့ကြောင်း သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရမှ တနိုင်ငံလုံးကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့အပြီး မြစ်ကြီးနားမြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ယာဉ်တန်းများ၊ စစ်အင်အားအများအပြားဖြင့် သွားလာနေကြကာ အပြင်ဝတ်စုံများဝတ်ဆင်ပြီး မြို့တွင်းစောင့်ကြည့်မှုတွေလုပ်ဆောင်နေတာကြောင့် လူငယ်မျာအနေဖြင့် အပြင်ထွက်သွားလာဖို့ စိုးရိမ်နေကြရတဲ့ အခြေအနေဖြစ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

Leave a Reply

*