မြစ်ကြီးနားမြို့တွင်း သွားလာနေတဲ့ မိဘပြည်သူများကို အာဏာသိမ်းစစ်တပ်နဲ့ လက်ပါးစေ ရဲများက အခုတလော စစ်ဆေးမေးမြန်းမှုကို ပိုမိုတိုးပြီး လုပ်ဆောင်လာနေကြောင်း သိရပါတယ်။

ညနေ ၆ နာရီ နောက်ပိုင်းကနေစတင်ပြီး ယခုလို တိုးပြီး စစ်ဆေးမှုတွေလုပ်ဆောင်လာသလို ရပ်နီးရပ်ဝေးခရီးသွားလာသူများကိုလည်း ထောက်ခံစာပါရှိ မပါရှိခြင်းများကို မေးမြန်းမှုတွေလည်း ရှိနေကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
ဇွန်လ ၂၃ ရက်နေ့ မြစ်ကြီးနားတဖက်ကမ်း ဗလမင်းထင်တံတားထိပ် မိုင်းနားစုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော်မှ ဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ပိုမိုရှာဖွေစစ်ဆေးလာခြင်းဖြစ်နိုင်ကြောင်း သူကဆိုပါတယ်။
“ညနေပိုင်းရောက်လာရင် မော်တော်ယာဉ်၊ ဆိုင်ကယ်အားလုံးကို သေချာကိုစစ်နေတာ၊ လွန်ခဲ့တဲ့အပတ်ကတည်းကဟုတ်တယ်၊ ဆိုင်ကယ်ဆိုရင်လည်း ထိုင်ခုံအောက်မကျန်စစ်တယ်၊ ၆ နာရီလောက်ကစတာ၊ ခရီးသွားလာသူဆိုရင်လည်း ထောက်ခံစာစစ်တယ်” လို့ လမ်းသွားလမ်းလာရင်း စစ်ဆေးခံရသူတစ်ဦးက ပြောပါတယ်။
ဗလမင်းထင်တံတား ဖြတ်သန်းခြင်းကိုတော့ မနက် ၆ နာရီကနေ ညနေ ၇ နာရီအတွင်း သတ်မှတ်ကာ သွားလာခွင့်ပြုနေကြောင်း သိရပါတယ်။