မြစ်ကြီးနားတဝိုက် မော်တော်ယာဉ်လိုင်စင် စစ်ဆေးဖမ်းဆီးမှု ပြုလုပ် အများအပြားဖမ်းဆီခံရ

နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၂ ခုနှစ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ အနီးတဝိုက်တွင် ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့က စတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ရဲများ၊ ယာဉ်ထိန်းရဲများ ပူးပေါင်းပြီး လိုင်စင်မရှိတဲ့ ကားများကို အင်တိုက်အားတိုက်နဲ့ ဖမ်းဆီးမှု ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

အဆိုပါ ဖမ်းဆီးရေးအဖွဲ့က ပြည်သူအများဆုံး သွားလာကြတဲ့ မြစ်ကြီးနားမြို့ဝင်နေရာ၊ မန်ခရိန်ရှိ လွတ်တော်အဆောက်အအုံရှေ့၊ အောင်မြင်သာလမ်း၊ ဗလမင်းထင်တံတားထိပ်များတွင် ယာဉ်မောင်လိုင်စင်နဲ့ ကားလိုင်စင် စစ်ဆေးမှုကို အပြင်းအထန် ပြုလုပ်နေခြင်းဖြစ်ပြီး အများအပြားလည်း ဖမ်းဆီးခံလိုက်ရကြောင်းသိရပါတယ်။

မည်သည့်အကြောင်းရင်းကြောင့် ယခုလို လိုင်စင်မဲ့ယာဉ်များကို ရုတ်တရက် ဖမ်းဆီးလာရခြင်းကို အတိအကျမသိရှိရပေမယ့် ဖမ်းဆီးရရှိတဲ့ မော်တော်ယာဉ်များကို အကြမ်းဖက် စစ်ကောင်စ်ီတပ်တွင်း အသုံးပြုဖို့ မျှဝေယူမည့် အစီအစဉ်ရှိနေကြောင်း တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောဆိုနေကြပါတယ်။

ယခင်အချိန်တွေတုန်းကလည်း မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်မြို့နယ်များတွင် စစ်ကောင်စီတပ်နဲ့ ရဲများ ပူးပေါင်းပြီး ကားလိုင်စင် ရှောင်တခင် စစ်ဆေးမှုတွေ ရှိခဲ့ကာ ဒဏ်ငွေဆိုပြီး တောင်းခံတဲ့အတိုင်း ပေးဆောင်ခဲ့ရမှုတွေ ရှိပေမယ့် ယခုအကြိမ်မှာတော့ ပြန်လည်ပေးအပ်ခြင်း မရှိလာမှာကို ဒေသခံများက စိုးရိမ်နေကြကာ သတိကြီးစွာ သွားလာကြဖို့ ပြည်သူအချင်းချင်း တိုက်တွန်းနေပါတယ်။

Leave a Reply

*