မြစ်ကြီးနားမြို့၊ ပလန ၊ အူဗစ်၊ အာလမ်နဲ့ ဒွမ်ဂန်ရပ်ကွက်များတွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့များက ဖြတ်သန်းသွားလာတဲ့ ဒေသခံပြည်သူများကို ရပ်တန့်စစ်ဆေးခြင်းတွေ ဆက်တိုက်လုပ်ဆောင်လာကြောင်း ဒေသခံများက ပြောလာပါတယ်။
“စစ်ကောင်စီတပ်နဲ့ ရဲတွေက အရပ်သားဝတ်စုံနဲ့ ကျေးရွာအတွင်း အိမ်စီးကားတွေနဲ့ လှည့်ပတ်နေကြတယ်၊ သူတို့ မသင်္ကာဘူးဆိုရင် တစ်ခါတည်း ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်ဗျာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပလန ရဲစခန်းအရှေ့မှာတော့ နေ့တိုင်းစစ်ဆေးမှုရှိနေပြီး အူဗစ်၊ အာလမ်နဲ့ ဒွမ်ဂန်များမှာတော့ နေ့တိုင်းမရှိပေမယ့် အကြမ်းဖက် စစ်ကောင်စီ အခိုင်းအစေများဖြစ်တဲ့ ဒလန်များကတော့ သတင်းပေး ဖမ်းဆီးခိုင်းတာတွေ ရှိနေကြောင်း သိရပါတယ်။
ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းများကို ဒေသကာကွယ်ရေးတပ် PDF များမှ ဝင်ရောက်ပစ်ခတ်မှုတွေ ရှိခဲ့ပြီး သေဆုံးမှုတွေ ရှိခဲ့တာကြောင့် ပိုမိုစစ်ဆေးလာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့ ယူဆနေကြပါတယ်။