ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မဒန်ယန်ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း (၁) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ယနေ့မနက် ၅ နာရီကစတင်ပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကာ နေ့စဉ်နေ့တိုင်းလိုလို နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်နေကြတာပါ။

အာဏာသိမ်းစစ်တပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာဘက်ကို မံစီမြို့တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခမရ (၆၀၁၊ ၃၁၉) တပ်တို့က ၁၀၅-မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့သလို ဖရီဒါ့ဘွမ်တဝိုက်မှာတော့ စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
ယမန်နေ့ မေလ ၁၃ ရက်နေ့မှာလည်း ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၅) နဲ့ စစ်ကောင်စီတပ်တို့ မန်ဒါဘွမ်နဲ့ ခခေါင်ဘွမ်ကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ ထိုနေရာဘက် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ၂ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး မိုးမောက်တွင် တပ်စွဲထားတဲ့ ခမရ (၄၃၇) ဘက်မှလည်း Gau Ri Krung ဘက်ကို ၁၂၂-မမ လက်နက်ကြီးဖြင့် ပစ်ကူတာတွေ ရှိခဲ့ပါတယ်။
ထိုနေ့မှာပင် ကေအိုင်အေ တပ်မဟာ (၁၀) တပ်ရင်း (၃၉) နယ်မြေ နမ်ဘာခီး အနီးတွင် စစ်ကောင်စီတပ်နဲ့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကာ လွယ်ဂျောင်ဘွမ်ဘက်မှာတော့ ကိုးကန့်တပ် (MNDAA) တပ်ရင်း (၂၁၁) နဲ့ အာဏာသိမ်းစစ်တပ်တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ တိုက်ခိုက်ရေးလေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် ကေအိုင်အေတပ်နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသများတွင် စစ်အင်အား လက်နက်အင်အားတိုးချဲ့ဖြည့်တင်းမှုတွေ ထပ်တိုးလုပ်ဆောင်နေတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားဖို့ ရှိနေကာ လူနေကျေးရွာများတွင် အခြေချနေထိုင်မှုတွေလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရပါတယ်။