ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာအနီး ယနေ့ မတ်လ ၁၂ ရက်နေ့ မနက် ၉ နာရီခန့်က ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း (၂၇) နယ်မြေဘက် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၁၂၁) တပ်မှ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုပြုလုပ်ကာ ကျေးရွာဘက် ဝင်ရောက်မွှေနှောက်ခဲ့တာကြောင့် ကေအိုင်အေမှ စောင့်ကြို ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မတ်လ ၁၀ ရက်နေ့တုန်းကလည်း အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ခဲယမ်းများနဲ့ ရိက္ခာများကို ပို့ဆောင်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို မော်ဆွေချောင်းနဲ့ ဘန်ခုံယန်ကြား KIA တပ်မှ မိုင်းဖြင့် သုံးကြိမ်ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။
လွန်ခဲ့သော မတ်လ ၈ ရက်နေ့တွင်လည်း မိုင်းခေါင်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကနေ မဂျီကုန်းတပ်စခန်းဘက် စစ်အင်အားတိုးချဲ့ဖို့ လာရောက်တဲ့ အင်အား ၁၀၀ ပါ စစ်ကြောင်းကို ကေအိုင်အေတပ်မှ ကွမ်ဖျဘွမ်တွင် ထိပ်တိုက်တွေ့ဆုံကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အနီးဝန်းကျင် ကျေးရွာဘက် ရှာဖွေမွှေနှောက်မှုတွေ ပြုလုပ်ကာ ကေအိုင်အေနယ်မြေဘက်အထိ ရောက်ရှိလာတာကြောင့် ယခုရက်ပိုင်းအတွင်း မကြာခဏတိုက်ပွဲဖြစ်ပွားနေပါတယ်။