ကချင်ပြည်နယ်၊ မံစီမြို့နယ် ဇော်ဘုံထိန်နူအနီး ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း ၂၇ တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၂၂၃၊ ခမရ ၄၂၄ ပူးပေါင်းတပ် အင်အား ၁၀၀ ဝန်းကျင်ပါဝင်တဲ့ စစ်ကြောင်းက ကိုက်ထိပ်ကျေးရွာကနေ ထပ်မံ စစ်ရေးလှုပ်ရှားမှုပြုလုပ်လာပြီး ဇော်ဘုံထိန်နူအနီးအရောက်မှာတော့ ကေအိုင်အေတပ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကာ ၁ နာရီနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ညနေပိုင်း ၂ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီစစ်ကြောင်းက ဇော်ဘုံထိန်နူတွင် မြေမြုပ်မိုင်း နင်းမိမှုတွေရှိခဲ့ကာ ဆက်လက်စစ်ကြောင်းလှုပ်ရှားလာစဉ်မှာတော့ ကေအိုင်အေတပ်နဲ့ တိုက်ပွဲဆက်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့တုန်းကလည်း ကထန်ကောင်းကျေးရွာကနေ ကိုက်ထိပ်ဘက် စစ်ကြောင်းထိုးဖို့ လှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းက ဇော်ဘုံအူရားကျေးရွာဘက်ကနေ မြေကော်ကားဖြင့် လမ်းဖောက်ကာ စစ်ရေးလှုပ်ရှားလာခြင်းကြောင့် ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တပ်ဆုတ်သွားခဲ့ရတဲ့ စစ်ကြောင်းဖြစ်ပါတယ်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၂၂၃ တပ်ဖွဲ့က ဂေ့ါငူရန်ကျေးရွာမှ ဘန်ဂေါ်ကျေးရွာအတဝိုက် စစ်ကြောင်းလှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ကာ ဇန်နဝါရီ ၁၈ ရက်နေ့တုန်းကလည်း နမ့်မားဇွပ်တွင် ကေအိုင်အေတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။