ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာအနီး ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၆ နာရီခန့်တွင် KIA, KPDF ပူးပေါင်းတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မဲဇာတောင်တွင် တပ်စွဲနေရာယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုပြုလုပ်လာစဉ် KIA, KPDF ပူးပေါင်းတပ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ ဂျက်တိုက်လေယာဉ်အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ထို့နောက် အင်းတော်တွင် တပ်စွဲနေရာယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က မနက် ၉ နာရီခန့်မှာတော့ အနီးဝန်းကျင်ဘက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ပြီး အရပ်သားပြည်သူများရဲ့ နေအိမ်အနီးကျရောက်ပေါက်ကွဲမှု ရှိခဲ့ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းဒေသ ကေအိုင်အေတပ်မဟာ ၆ တပ်ရင်း ၃၆ နယ်မြေတဝိုက် မုံးကိုးဒေသတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပြီး လေကြောင်းပစ်ကူရယူကာ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။