ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာနဲ့နီးစပ်တဲ့ကျေးရွာနှစ်ရွာတွင် ဝက်ရောဂါဖြစ်ပွားနေတာကြောင့် ကျေးရွာသားများရဲ့ မွေးမြူရေးလုပ်ငန်း ထိခိုက်မှုနဲ့ကြုံတွေ့နေကြရပါတယ်။
လက်ရှိအချိန်တွင် ဝက်အကောင်ရေ ၃၀၀ နီးပါး သေဆုံးသွားတာကြောင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် စိုးရိမ်ဖွယ်တစ်ခုဖြစ်နေပါတယ်။
ဝက်ရောဂါပပျောက်စေဖို့ ဒေသခံများတက်နိုင်တဲ့ဘက်ကနေ ကာကွယ်မှုတွေလုပ်ဆောင်နေကာ ဆေးထိုးနှံမှုတွေလုပ်ဆောင်နေပေမယ့် ရောဂါဖြစ်ပွားမှုကတော့ ရပ်တန့်သွားခြင်းမရှိပဲ တစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာကြောင်း သိရှိရပါတယ်။
“အခုအချိန်က တော်တော်စိုးရိမ်ဖွယ်အချိန်ပါ၊ လှောင်အိမ်မှာ ထည့်ထားတဲ့ဝက်တွေအကုန်လုံး ကူးကုန်တဲ့သဘောဖြစ်နေတယ်။ ကျတော်တို့အိမ်တစ်ခုတည်းကတင် အကောင် ၃၀ ရှိပါတယ်။ ရွာအနီးတဝိုက်မှာလည်း ဖြစ်ပွားနေကြပါတယ်” လို့ ဦးဂျန်မော်လခါး ကပြောပါတယ်။
ဒေသခံတွေအနေဖြင့်တော့ ယခုလို ဝက်ရောဂါဖြစ်ပွားလာခြင်းက ဝက်ရောင်းဝယ်ရေးလုပ်ဆောင်မှုများမှ ဖြစ်ပွားလာတာဖြစ်တယ်လို့ ယူဆထားကြကာ လွန်ခဲ့သော ဇူလိုင်လကတည်းက ဖြစ်ပွားနေတာဖြစ်ပြီး မော်ဟန်ကျေးရွာမှာတော့ အိမ်ခြေ (၅၀၀) ကျော်ရှိကာ အိမ်ထောင်စုတိုင်းက ဝက်မွေးမြူကြပေမယ့် ဝက်ရောဂါကြောင့် ဆုံးရှုံးနှစ်နာမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။