မော်ဝမ်းကလေးမှာ ပတ်ဂျီဆန်အဖွဲ့က မူးယစ်ဆေးဝါးနှိမ်နှင်းရေးပြုလုပ်ခဲ့

ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက် မော်ဝမ်းကလေးမှာ မူးယစ်ဆေးဝါးနှိမ်နှင်းမှုကို ဩဂုတ်လ ၂၈ ရက်နေ့က ပတ်ဂျီဆန်အဖွဲ့မှ မြောက်ဖြူမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုပြုလုပ်နေတဲ့ လူနှစ်ဦးကို မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ သတင်းရရှိတာကြောင့် စုံစမ်းမှုတွေပြုလုပ်ကာ မူးယစ်ဆေးဝါးသုံးစွဲသည့်အပြင် ရောင်းဝယ်မှုပါ ပြုလုပ်တဲ့ ဦးအိုက်စီနဲ့ ဦးဥက္ကာတို့နှစ်ဦးကို နေအိမ်မှာပင် ယာမ အထုပ် တစ်ထုပ်၊ ဆေးပြား ၅ ခုနဲ့ ရောင်းပြီးဖြစ်တဲ့ဘိန်းထည့်သည့် ရှောက်သီးဆေးပြားဘူး အခွံ ၂၀၀ ဆေးထိုးအပ်များနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးရောင်းမှုနဲ့သက်ဆိုင်ပြီး မော်ဝမ်းကလေး မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့က လက်ရှိအချိန်တွင်ဆက်လက် ဖော်ထုတ်မှုတွေပြုလုပ်နေကာ ဦးအိုက်စီကိုတော့ နောက်ထပ်ရောင်းဝယ်မှုတွေမပြုလုပ်ဖို့ ဆုံးမကာ ပြန်လွတ်ပေးခဲ့ပြီး ဦးဥက္ကာကိုတော့ ဖားကန့်မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ဆီ လွဲပြောင်းပေးခဲ့ပါတယ်။

“ဦးအိုက်စီကိုတော့ မော်ဝမ်းကလေးမူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ရုံးကို ခေါ်ဆောင်ပြီး နောက်တစ်ခါမပြုလုပ်ဖို့ ပြောဆိုဆုံးမမှုတွေပြုလုပ်ပြီး ပြန်ပြုလုပ်တာတွေ့ရင် ဖားကန့်ဒေသကနေ မောင်းထုတ်သွားမှာဖြစ်ကြောင့် ခံဝန်ကတိထိုးခိုင်ထားတာ၊ ဦးဥက္ကာကိုတော့ စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီး ဖားကန့် ပတ်ဂျီဆန်အဖွဲ့ဆီ အပ်နှံလိုက်တယ်” လို့ ပါဝင်ခဲ့သူတစ်ဦးကပြောပါတယ်။

မူးယစ်ဆေးဝါးနှိမ်နှင်းရေး မော်ဝမ်းကလေးအဖွဲ့အနေဖြင့် ဒေသတွင်း မူးယစ်ဆေးဝါးပပျောက်စေဖို့ နှိမ်နှင်းရှာဖွေမှုတွေကို စဉ်ဆက်မပျက်ပြုလုပ်နေတာဖြစ်ပေမယ့် မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ ရောင်းဝယ်သူတွေကတော့ အစဉ်အမြဲဖမ်းဆီးရမိနေတာပဲ ဖြစ်ပါတယ်။

Leave a Reply

*