ရှမ်းပြည်နယ်၊ မူဆယ်ဒေသအတွင်းရှိ ကျေးရွာနဲ့ လမ်းမတွေပေါ်မှာ မြန်မာစစ်တပ် တပ်မ (၈၈)နဲ့ တပ်မ (၉၉)တို့က သွားလာနေသူများကို နေ့ညမပျက်စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံများကပြောကြပါတယ်။
ယခုလိုစစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်လာတာ တစ်လနီးပါးရှိနေပြီဖြစ်ကာ အကြောင်းရင်းကိုမသိရပေမယ့် အဲဒီဒေသတစ်ဝိုက်က တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတတ်တာကြောင့် လုံခြုံရေးယူလုပ်ဆောင်ခြင်းဖြစ်နိုင်တယ်လို့ ဒေသခံများက ယူဆထားကြပါတယ်။
“အဲ့ဒီဒေသတစ်ဝိုက်မှာ ဟိုတလောက လက်ပစ်မိုင်းကွဲတာတွေ သေနစ်ပစ်တာတွေ မကြာခဏဖြစ်တာ ရှမ်း၊ ပလောင်၊ ကိုးကန့်တွေ အခွန်ကောက်ခံမှုတွေရှိတာကြောင့် သူတို့လုံခြုံရေးသဘောအရ နေရာယူနေတာဖြစ်မယ်ထင်တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းခြင်းပြုလုပ်တာက မူဆယ်ဒေသအပြင် ကွတ်ခိုင်နဲ့ လားရှိုးဒေသတွေမှာလည်း ပြုလုပ်နေတာကြောင့် ခရီးသွားလာသူများအတွက် အနှောင့်အယှက်တစ်ဖွယ်ဖြစ်ပေါ်နေပါတယ်။