မူဆယ်တွင် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ပြည်သူ ၁၀ ဦးကို ဖမ်းဆီးထား

မူဆယ်ခရိုင် မော်တောင်းကျေးရွာအထက်နဲ့ ဘန်တောင်အရပ်တွင် နိုဝင်ဘာ ၂၂ ရက် ယနေ့ မနက် ၅ နာရီခွဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ် PDF တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၉၉) လက်အောက်ရှိ တပ်ရင်းများက အဆိုပါဒေသတဝိုက် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာခြင်းကြောင့် PDF တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းစခန်းမှ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားအပြီး အာဏာသိမ်း စစ်ကောင်စီတပ်က အပြစ်မဲ့ဒေသခံပြည်သူ (၁၀) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ယနေ့ညနေပိုင်း ၅ နာရီခွဲအချိန်ထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးတာကြောင့် ဒေသခံများက စိုးရိမ်နေကြရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state) တွင် ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၃၆) တို့ အခြေစိုက်တဲ့ဒေသဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှု၊ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေခြင်းကြောင့် ကိုးကန့်တပ်မတော် (MNDAA) နဲ့ နေ့စဉ်နေ့တိုင်း တိုက်ပွဲဖြစ်ပွားလေ့ရှိနေပါတယ်?

နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ မုံးကိုးဒေသ မန်းကန်ကျေးရွာတွင် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်တို့ တိုက်ပွဲပြင်းထန်ခဲ့ကာ ဖောင်းဆိုင်အနီး မန်းယန်ကျေးရွာတွင်လည်း ညနေပိုင်း ၅ နာရီခန့်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦးလည်း လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးသွားခဲ့ရကြောင်း သိရပါတယ်။

Leave a Reply

*