မူဆယ်မြို့ ဟိုမွန်ရပ်ကွက်မှ အမျိုးသမီး တစ်ဦး Covid-19 ရောဂါ ကူးစက်ခံထားရသဖြင့် မူဆယ် ခရိုင် ဆေးရုံသစ်ကြီးတွင် တက်ရောက် ဆေးကုသမှုခံယူနေရာမှ ဇူလိုင် ၉ရက်နေ့ မနက်ပိုင်းတွင် သေဆုံးသွားကြောင်း နီးစပ်သူများထံမှ သိရှိရပါတယ်။

မူဆယ်မြို့တွင်း ကူးစက်ခံရသူများပြားလာမှုကြောင့် ဆေးရုံတွင်လဲ ကုတင်များ ပြည့်သွားသဖြင့် လူနာများ ဆက်လက်မခံနိုင်တော့သည့်အခြေအနေဆိုက်ရောက်နေတာပါ။ စျေးရပ်ကွက်နှင့် ပန်ခမ်း စတဲ့ နေရာများတွင်လဲ ရောဂါကူးစက်ခံရသူများကို ထပ်မံ စစ်ဆေးတွေ့ရှိရတယ်လို့ သိရှိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မ ရဲစခန်း အတွင်းမှ အချုပ်သားများကို ဇူလိုင် ၉ရက်နေ့တွင် Covid-19 ရောဂါ စစ်ဆေးမှုများပြုလုပ်ရာ ၁၁ဦးတွင် ပိုးတွေ့ရှိခဲ့တယ်လို့ သိရှိရပါတယ်။
“ပိုးတွေ့တာ ၁၁ယောက်၊ ကျား ၁ယောက်နဲ့ မ ၁၀ယောက်၊ အကုန်လုံးက အချုပ်သားတွေပဲ၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှုတွေနဲ့ အချုပ်ကျနေတဲ့သူတွေ ဟုတ်တယ်” လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။
မူဆယ်မြို့တွင် Covid-19 ရောဂါတတိယလှိုင်း ဖြစ်ပေါ်နေရာမှမှ ယနေ့ဇူလိုင် ၉ရက်နေ့ထိ ကူးစက်ခံရသူ ၃၀၀ ကျော်ထိရှိခဲ့ပြီး သေဆုံးသူ ၄ ဦးထိ ရှိနေပြီပဲ ဖြစ်ပါတယ်။