မူကြိုကျောင်းကို အိမ်တွင်းသင်ကြားခြင်းစနစ်ဖြင့် သင်ကြားသွားမည်

ကေအိုင်အိုအစိုးရ အမျိုးသမီးရေးရာဌာနက ဦးစီးဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ယခုနှစ်အတွက် ဩဂုတ်လကနေ ဒီဇင်ဘာလအထိ Home School အိမ်တွင်းသင်ကြားရေးစနစ်ဖြင့် စတင်သင်ကြားသွားဖို့ရှိနေပါတယ်။

ကိုဗစ်-၁၉ ကာလဖြစ်တာနဲ့အညီ ကလေးများရဲ့ ကျန်းမာရေးကို ရှေ့ရှုသောအားဖြင့် အိမ်တွင်းသင်ကြားခြင်းစနစ်ကိုရွေးချယ်လိုက်ခြင်းဖြစ်ကာ ဖွင့်လှစ်စတင်ခြင်းကိုတော့ ဩဂုတ်လ ၇ ရက်နေ့မှာ လိုင်ဇာမြို့တွင်းရှိ ကျောင်း ၄ ကျောင်းကို စတင်သင်ကြားသွားမှာဖြစ်ပါတယ်။

အမျိုးသမီးရေးရာဌာနအနေဖြင့် မိဘများအတွက် လမ်းညွန်စာအုပ်တစ်ခုပြုလုပ်ထားပေးကာ ကျောင်းသားမိဘများ၊ ကျောင်းဆရာများ၊ ကျောင်းကော်မတီဝင်များကို ဖြန့်ဝေပေးထားမှာဖြစ်ကာ စာအုပ်တွင်ပါရှိသောအကြောင်းအရာများကို ကျောင်းဆရာများနဲ့အတူ ဖတ်ရှုကာ ကလေးများဖွံ့ဖြိုးတိုးတက်လာဖို့ ဘယ်လိုဘယ်ပုံကူညီဆောင်သွားမယ်ဆိုတဲ့ နည်းလမ်းများကို စုဆောင်းသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။

“မိဘများကို စာအုပ်နဲ့သက်ဆိုင်ပြီး ရှင်းလင်းမှုတွေပြုလုပ်ပြီးရင် မူကြိုဆရာများက ဒီစာအုပ်ပေါ်မူတည်ပြီး ကလေးများအတွက် တစ်ပတ်စာအစီအစဉ်ကိုလည်း လုပ်ဆောင်သွားမှာပါ” လို့ အမျိုးသမီးရေးရာဌာနမှ မူကြိုကျောင်းတာဝန်ခံ ဆရာမအင်ခွန် ခေါန်ရာ ကပြောပါတယ်။

အိမ်တွင်းသင်ကြားခြင်းစနစ်ကို ပထမဦးဆုံးလုပ်ဆောင်ခြင်းဖြစ်တာကြောင့် ထိရောက်မှုသိပ်ရှိမှာမဟုတ်ပေမယ့် ကျောင်းဆရာများအနေဖြင့် ကျောင်းသားများရှိတဲ့အိမ်ကို တစ်ပတ်တစ်ခါ သွားရောက်ကြည့်ရှုခြင်း ကလေးများရဲ့လှုပ်ရှားမှုများကို မိဘများဆီမေးမြန်းခြင်းနဲ့ လိုအပ်တဲ့အရာများကို ပညာပေးခြင်းများလုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

တစ်နှစ်ပတ်လုံး ကျောင်းပိတ်ထားရမည့်နည်းတူ ရနိုင်တဲ့နည်းလမ်းများဖြင့် ယခုလိုလုပ်ဆောင်ခြင်းက ကလေးများရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အနည်းငယ်မျှအထောက်အကူဖြစ်စေဖို့ ရည်မှန်းထားကာ ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစာသင်ကျောင်းတွေ ဖွင့်လှစ်လာပြီဖြစ်ပေမယ့် ကျောင်းကိုဖွင့်လှစ်ခြင်းမပြုပဲ မူကြိုကျောင်းကိုတော့ ယခုလို ပုံစံပြောင်းသင်ကြားခြင်းလည်း ဖြစ်ပါတယ်။

အမျိုးသမီးရေးရာဌာနက လိုင်ဇာမြို့တွင်းရှိ မူကြိုကျောင်း ၄ ကျောင်းနဲ့ နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများရှိ ကျောင်း ၂၀ ကို တာဝန်ယူသင်ကြားပေးနေတာဖြစ်ပါတယ်။

Leave a Reply

*