ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-state) မုံးပေါ်ဒေသ ဝိန်းဆိုင်ကျေးရွာအနီး ယနေ့ ဇန်နဝါရီ ၁၅ ရက် နေ့လည် ၁ နာရီခန့်တွင် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်က တပ်အင်အားဖြည့်တင်းဖို့ စစ်ကြောင်းပြုလုပ်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါဒေသတဝိုက်တွင် စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေသလို ဇန်နဝါရီ ၁၂ ရက်နေ့တုန်းကလည်း နောင်ဟန်း၊ လွယ်ဆကျေးရွာအနီးတွင်လည်း ကိုးကန့်တပ်နဲ့ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူများ မုံးပေါ်နဲ့ ဝိန်းဆိုင်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
စစ်ဘေးတိမ်းရှောင်နေကြရတဲ့နေရာဝန်းကျင် တိုက်ပွဲဆက်ဖြစ်လာခြင်းကြောင့် ဒေသခံပြည်သူများက မုံးပေါ်ကျေးရွာဘက် ထပ်မံတိမ်းရှောင်ကြရခြင်းကြောင့် နေရာထိုင်ခင်း အခက်အခဲများနဲ့ စားနပ်ရိက္ခာအခက်ကြုံလာရဖွယ်ရှိတာကြောင့် စိုးရိမ်ပူပန်နေကြရပါတယ်။
ထို့အပြင် ကသာဒေသတွင်လည်း ယနေ့ မနက် ၇ နာရီခန့်တွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ နေ့လည် ၁၁ နာရီခွဲမှာတော့ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ဘက် သင်္ဘောဖြင့် ထွက်ခွာလာတဲ့ စစ်ကောင်စီ သင်္ဘောနှစ်စင်းကို PDF တပ်မှ စောင့်ကြို ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။