ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-State) မုံးပေါ်ဒေသတွင် တိုက်ပွဲများ ပြင်းထန်လာသလို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က ကျေးရွာအတွင်း လက်နက်ကြီးများ ရမ်းသမ်ပစ်ခတ်မှုတွေ ပြုလုပ်လာခြင်းတွေ ခပ်စိတ်စိတ်ဖြစ်ပေါ်လာခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။
ဇန်နဝါရီ ၁၇ ရက်နေ့ မုံးပေါ်ကျေးရွာ၊ မုံးယု ၁၀၅ မိုင်တွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ဒေသခံတွေ ရှိနေတဲ့ ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်လိုက်မှုကြောင့် မန်ကောင်ကျေးရွာဒေသခံ ၂၂၀ ဦးက ထိုနေ့မှာပင် မိုင်းပင်းကျေးရွာဘက် ဘုရားကျောင်းဝင်းဘက် တိမ်းရှောင်ခဲ့ကြရပါတယ်။
မန်ကောင်ကျေးရွာအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတဲ့အပြင် ကျေးရွာအထက်ပိုင်းတွင်လည်း ကိုးကန့်တပ်မတော် (MNDAA) တပ်စခန်းချကာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေတာကြောင့် ဒေသခံများ စိုးရိမ်ကြောက့်လန့်နေကြရပါတယ်။
“အခုတလော ကျေးရွာအနီးမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေတာ၊ လွန်ခဲ့တဲ့ ၂ ရက်လောက်ကနည်း မန်ကောင်ကျေးရွာအထက်မှာ ကိုးကန့်တပ်တွေ လာရောက်တပ်စွဲနေတော့ စစ်ကောင်စီက မန်ကောင်ကျေးရွာအထက်ဘက် လက်နက်ကြီးတွေ ထပ်ပစ်နေတော့ အရင်လို တိုက်ပွဲတွေ ဆက်ဖြစ်လာမှာကို စိုးရိမ်တာကြောင့် တိမ်းရှောင်နေကြရခြင်းဖြစ်ပါတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ယခုလအတွင်း မုံးပေါ်ဒေသဘက် တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် စိုးရိမ်ပြီး တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော် ရှိနေပြီဖြစ်ကာ ဆက်လက်တိုးပွားလာဖို့ အလားအလာရှိနေတာကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်ချက်တွေကလည်း ပိုမိုလာမှာဖြစ်ကြောင်း တွက်ဆထားကြပါတယ်။