မုံးစီးကျေးရွာမှာ ကေအိုင်အေနဲ့အာဏာသိမ်းစစ်တပ်ကြားတိုက်ပွဲဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မုံးစီးကျေးရွာအုပ်စု နောင်ဂျန်နဲ့ မုံပေါ်ကြားတွင် ကေအိုင်အေ တပ်မဟာ (၁၀) တပ်ရင်း (၂) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ဧပြီလ ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မုံးစီးကျေးရွာမှ ထွက်လာတဲ့ အင်အား ၁၀၀ ကျော်တဲ့ အာဏာသိမ်းစစ်တပ် ခမရ (၃၆၃)နဲ့ တပ်မ (၉၉) ပူးပေါင်းအဖွဲ့က ကေအိုင်အေနယ်မြေဘက်ကို ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတာကြောင့် တပ်ရင်း (၂) အဖွဲ့မှ စောင့်ဆိုင်းပြီးခုခံတိုက်ခိုက်ခဲ့ကြကြောင်း သိရပါတယ်။

“အာဏာသိမ်းစစ်တပ်ဘက်ကတော့ ပုံမှန်စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတယ် အင်မတန်ပြင်းထန်တဲ့အနေအထားနဲ့မဟုတ်ပေမယ့် နည်းနည်းထူးခြားစွာဖြင့် လှုပ်ရှားနေတာတွေ့ရတယ်၊ ဒေသခံတွေကလည်း စိုးရိမ်ခဲ့ကြရပေမယ့် ထွက်ပြေးတိမ်းရှောင်တဲ့အထိတော့မဟုတ်သေးဘူး အားလုံးက သတိထားစွာနဲ့ရှိနေတဲ့ အနေအထားဖြစ်နေတယ်” လို့ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးနဲ့ဒေသဆိုင်ရာအခြေအနေကို တာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်များက ကေအိုင်အေနယ်မြေနဲ့နီးစပ်တဲ့နေရာများတွင် စစ်ရေးလှုပ်ရှားမှုတွေဆက်တိုက်ဆိုသလိုလုပ်ဆောင်နေပြီး ကချင်ပြည်နယ်နဲ့ သျှမ်းပြည်မြောက်ပိုင်းဒေသများတွင် လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်မှုတွေလည်း လုပ်ဆောင်နေကြပါတယ်။

ဧပြီလ ၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင်လည်း ရှထုဇွပ်ကျေးရွာတွင်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ခလရ (၄၉၇) တပ်မှ ကျေးရွာအနီးဝန်းကျင်ဘက်တွင် လက်နက်ကြီးဖြင့် ၅ ကြိမ်တိုက် ပစ်ခတ်မှုတွေပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်ခဲ့ကြရပါတယ်။

Leave a Reply

*