ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုးမြို့ဘက် စစ်အင်အား ဖြည့်တင်းရန်တက်လာသော အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ယာဉ်တန်းကို ကိုးကန့်တပ်မတော် (MNDAA) တပ်ပေါင်းစုမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

မုံးကိုးဘက်ကို ထွက်ခွာလာတဲ့ စစ်ယာဉ် အစီး ၃၀ ကျော် ပါရှိတဲ့ စစ်ကြောင်းကို MNDAA တပ်ပေါင်းစုမှ ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီရဲ့ စစ်ကား တစ်စီးပျက်စီးသွားခဲ့ကြောင်းသိရပါတယ်။
စစ်တပ်ဘက်မှ ပြန်လည်ပစ်ခတ်သဖြင့် ထိုနေရာတွင် အချိန် အနည်းငယ်ကြာအောင် ပစ်ခတ်နေကြပြီး စစ်ကောင်စီရဲ့ စစ်ကားတစ်စီးနဲ့ တပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုများ ရှိခဲ့ကြောင်းလည်း သိရပါတယ်။
အောက်တိုဘာလအလယ်လောက်မှစတင်ပြီး မုံးကိုးဘက်ကို စစ်ကောင်စီ စစ်တပ်များ အင်အားဖြည့်တင်းမှုများ ပိုမို ပြုလုပ်လာပြီး ကိုးကန့်တပ်နဲ့ မကြာခန တိုက်ပွဲဖြစ်ပွါးနေတာကြောင့် အနီးအနားမှပြည်သူများ တိမ်းရှောင်နေရမှုတွေလည်း ရှိနေပါတယ်။