ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၃၆ အခြေစိုက်တဲ့ မုံးကိုးဒေသရှိ ကျေးရွာအချို့တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း တပ်စွဲနေရာယူနေတာကြောင့် ဒေသခံပြည်သူများက စိုးရိမ်စိတ်ပြင်းထန်စွာဖြင့် ထိတ်လန့်နေကြရပါတယ်။

နော်ဂူကျေးရွာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စာသင်ကျောင်း၊ ဘာသာရေး ဘုရားကျောင်းဝင်းများအထိ ဝင်ရောက်တပ်စွဲနေထိုင်နေသလို ဒေသခံပြည်သူများက အိမ်ပြင်ထွက်ခွာရင် ပစ်သတ်မှာဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေတယ်လို့ အနီးဝန်းကျင်ကျေးရွာရှိ ပြည်သူတစ်ဦးကပြောပါတယ်။
နော်ဂူကျေးရွာ ဒေသခံပြည်သူအချို့ကတော့ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တာကြောင့် လွန်ခဲ့သော လကတည်းက တရုတ်နယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင်နေခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ မုံးလုံဘက်ပြန်လည် ထပ်ဆင်ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျေးရွာအတွင်း ပြည်သူအချို့ကျန်ရှိနေသေးတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း တပ်စွဲနေရာယူနေပြီး ဒေသခံပြည်သူများကို ခြိမ်းခြောက်တာတွေပြုလုပ်နေတာကြောင့် ကျန်ရှိနေတဲ့ ပြည်သူများက လွန်စွာစိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရပါတယ်။
မုံးကိုးဒေသဘက် စက်တင်ဘာလကစတင်ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက စစ်အင်အား၊ လက်နက်ခဲယမ်းဖြည့်တင်းမှုတွေ အဆက်မပျက်လုပ်ဆောင်နေသလို အနီးဝန်းကျင်ဘက်လည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေ အမြဲလိုလို ပြုလုပ်နေကြောင်း သိရပါတယ်။