မုံးကိုးဒေသတွင် တိုက်ပွဲပြင်းထန်ခြင်းနဲ့အတူ စစ်ဘေးရှောင်တစ်ထောင်နီးပါးရှိလာ

မြန်မာစစ်တပ် အရပ်သားအစိုးရထံကနေ မတရား အာဏာသိမ်းခြင်း ၇ လပြည့်တဲ့ ယနေ့ (စက်တင်ဘာ ၁ ရက်) ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး-ဖောင်းဆိုင်ဒေသတွင် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ မနက် ၉ နာရီတွင် တစ်ကြိမ်နဲ့ ညနေ ၅ နာရီခွဲတွင် တစ်ကြိမ် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ကိုးကန့်တပ်မတော် တည်ရှိရာနေရာဘက် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး ထိခိုက်သေဆုံးရမှုတွေနဲ့ လက်နက်ခဲယမ်းတွေ ဆုံးရှုံးခဲ့ရတာကြောင့် ယနေ့တွင်လည်း ထပ်မံထိုးစစ်ဆင်လာကာ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့ မနက် ၉ နာရီကစတင်ပြီး ၁၂ နာရီအထိ အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA)ကြား မန်းမော-လော်ကူကျေးရွာအနီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကာ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးသွားခဲ့ကာ ကိုးကန့်တပ်မတော်ဘက်မှ ၁ ဦးကျဆုံးမှုရှိခဲ့ပြီး လက်နက်အချို့သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။

မြန်မာစစ်တပ်က တိုက်ပွဲဖြစ်ပွားနေချိန် အနီးဝန်းကျင်ဘက် လက်နက်ကြီးများ ကြိမ်ဖန်များစွာ ပစ်ခတ်နေခဲ့တာကြောင့် နော်ဂူကျေးရွာနဲ့ အနီးရှိ ဒေသခံများက စိုးရိမ်ထိတ်လန့်စွာ တရုတ်နယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

မုံးကိုး-ဖောင်းဆိုင်ဒေသတွင် အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်မတော်ကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ ဩဂုတ် ၂၉နဲ့ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူ ၆ ဦးသေဆုံးခဲ့ရကာ ကျေးရွာ ၇ ရွာရှိ အိမ်ထောင်စု ၁၃၉ စု၊ လူဦးရေ ၆၅၆ ဦး မုံးကိုးမြို့ဘက် စစ်ဘေးရှောင်ခဲ့ကြရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း ၃၆ အခြေစိုက်တဲ့ ရှမ်းပြည်မြောက်ပိုင်းဘက် အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိတ်စိတ်လုပ်ဆောင်လာတာကြောင့် ကေအိုင်အေ၊ ကိုးကန့်တပ်မတော် တို့နဲ့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူကလည်း တစ်လအတွင်းတစ်ထောင်နီးပါးရှိသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

Leave a Reply

*