ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၃၉ နယ်မြေဖြစ်တဲ့ မုံးကိုးဒေသ မုံလီကျေးရွာအထက်ပိုင်း တောင်ပေါ်တွင် ဇန်နဝါရီ ၂ ရက်နေ့ ယနေ့ မနက် ၁၀ နာရီခွဲခန့်တွင် ကေအိုင်အေတပ်နဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ် တပ်မ ၉၉ မှအင်အား ၁၀၀ ဝန်းကျင်ဖြင့် ကေအိုင်အေ နယ်မြေဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတာကြောင့် ကေအိုင်အေ တပ်ရင်း ၃၆နဲ့ ခြေမြန်တပ် ၃၈ တို့ ပူးပေါင်းတပ်မှ စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက် ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းရင်းမြစ်က ပြောပါတယ်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းက ဒလွန်ဘက်ကနေ စစ်ရေးလှုပ်ရှားလာတဲ့ အဖွဲ့ဖြစ်ကာ ခြေလျင်ခရီးနှင်ခဲ့တာ ၃ ရက်အကြာမှာ ကေအိုင်အေတပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ရတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မုံးကိုးဒေသတဝိုက် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က စစ်အင်အား၊ လက်နက်ခဲယမ်း ဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ကေအိုင်အေတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် ကိုးကန့်တပ်မတော်နဲ့လည်း နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာဖြစ်ပါတယ်။