ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state) မုံးကိုး-ဖောင်းဆိုင်ဒေသတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်တိုက်ဖြစ်ပွားနေကာ လက်နက်ကြီးပစ်ခတ်မှုတွေကလည်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုတွေကြောင့် ဒေသခံထိခိုက် သေဆုံးရမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေလည်း ဖြစ်ပွားနေရပါတယ်။
ဒီဇင်ဘာ ၁၃ ရက် မနက် ၃ နာရီအချိန်ခန့်ကနေ ညနေပိုင်း ၁ နာရီအချိန်ထိ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က အနီးဝန်းကျင်ဘက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘန်မွေကျေးရွာရှိ ဒေသခံပြည်သူများရဲ့ နေအိမ် ၃ လုံးထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။
“တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်နေတာ၊ စစ်ကောင်စီတပ်ဘက်က စစ်လေယာဉ်နဲ့လာပစ်တာရှိတယ်၊ ဖောင်းဆိုင်ဘက်ခြမ်းမှာတော့ မဟုတ်ပေမယ့် ဘန်လုံတောင်ဘက်၊ ဆင်ဆိုင်းထန်တဝိုက်၊ လွယ်ဂျောင်ဘက်ခြမ်းမှာ လာပစ်တာရှိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့က မန်ယန်ကျေးရွာနဲ့ ဆင်ဆိုင်ထန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ ဖောင်းဆိုင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၃ လုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးသွားခဲ့ရကာ ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ပျက်စီးသွားခဲ့ရပါတယ်။