ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး-ဖောင်းဆိုင်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA)အကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ ရာချီပြီး စစ်ဘေးရှောင်နေကြရကာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ဩဂုတ် ၂၈ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့တာကြောင့် ယနေ့တွင်လည်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်ဆောင်နေခဲ့သလို နမ့်ဟာ၊ ပန်ဆာတိုင်း၊ လွယ်စိုင်ဘွမ်နဲ့ လွယ်ငူဘွမ် စတဲ့နေရာ ၄ ခုတွင် ကိုးကန့်တပ်မတော်နဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲ ညနေ ၆ နာရီအချိန်ထိ ဖြစ်ပွားမှုရှိခဲ့ကာ တိုက်ပွဲဖြစ်ပွားချိန် လမ်းဖြတ်ကူးနေတဲ့ ၄၅ နှစ်အရွယ် မိခင်နဲ့ ၁၅ နှစ်အရွယ် သမီး သေနတ်ထိမှန်ပြီး သေဆုံးသွားခဲ့ရကာ ဩဂုတ်လ ၂၉ ရက်နေ့တွင်လည်း နေအိမ်တစ်လုံးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၄ ဦး သေဆုံးသွားခဲ့ရပါတယ်။
အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဘေးပတ်ဝန်းကျင်ဘက် လက်နက်ကြီး ရမ်းသမ်ပစ်ခတ်မှုတွေလုပ်ဆောင်တာကြောင့် အပြစ်မဲ့ဒေသခံပြည်သူတွေ အသက်ဆုံးရှုံးနေရကာ နေအိမ်ပျက်စီးထိခိုက်တာတွေဖြစ်ပေါ်နေပြီး တိုက်ပွဲဖြစ်ပွားတဲ့ နေရာအနီးတဝိုက်ရှိ ဇွပ်ရာ၊ နမ့်ဟာ၊ ဝေါခရုန်း၊ ကောင်းလုံ၊ မန်ခွမ်၊ နောင်လိမ်းနဲ ဖင်ဇီခြိုင် ကျေးရွာ စတဲ့ကျေးရွာ ၇ ရွာရှိ ဒေသခံပြည်သူများ ရာချီပြီး မုံးကိုးမြို့ဘက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။