မုံးကိုးဒေသခံတစ်ဦး ဟင်းသီးဟင်းရွက်ရှာဖွေသွားစဉ် မြေမြုပ်မိုင်းနှင်းမိပြီး သေဆုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-State) မုံးကိုး-ဖောင်းဆိုင်းဒေသ ဘန်လုံတောင်ဘက် အောက်တိုဘာ ၇ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲခန့်တွင် ဒေသခံပြည်သူနှစ်ဦး တောတွင်း ဟင်းသီးဟင်းရွက်ရှာဖွေသွားစဉ် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနှင်းမိပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ရကြောင်းသိရပါတယ်။

Photo Credit: original

မြေမြုပ်မိုင်းနှင်းမိသူများက မုံးကိုးမြို့ လွယ်ကန်ကျေးရွာမှ ဒေါ်မဒိန် ဒေါင်နော (အသက် ၅၈ နှစ်)နဲ့ ဦးလဂွေ တိန်ခေါ (အသက် ၃၈နှစ်) တို့နှစ်ဦးဖြစ်ကာ ဈေးရောင်းချဖို့ ဘန်လုံတောင်ဘက် ဟင်းသီးဟင်းရွက် ရှာဖွေသွားစဉ် မြေမြုပ်မိုင်းနှင်းမိခြင်းဖြစ်ကာ ဒေါ်မဒိန် ဒေါင်နော ကဒဏ်ရာပြင်းထန်ခြင်းကြောင့် နေရာမှာတင် သေဆုံးခဲ့ရခြင်းဖြစ်ကာ ဦးလဂွေ တိန်ခေါကတော့ ခြေလက်များတွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးဝါးကုသမှုခံယူနေရပါတယ်။

“မုံးကိုး လွယ်ကန်ကျေးရွာဒေသခံနှစ်ဦးဖြစ်ပါတယ်၊ ကုန်စိမ်းရောင်းချဖို့ တောဘက် ဟင်းသီးဟင်းရွက်ခူးဖို့သွားတာ စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မြေမြုပ်မိုင်းနှင်းမိတာပေါ့၊ အမျိုးသမီးကတော့ ဒဏ်ရာအတော်ပြင်းထန်တော့ တစ်ခါတည်း သေဆုံးသွားခဲ့ရတယ်၊ အမျိုးသားကတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆေးဝါးကုသမှုခံယူနေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မြေမြုပ်မိုင်းနှင်းမိပြီး သေဆုံးသွားခဲ့ရတဲ့ ဒေါ်မဒိန် ဒေါင်နောရဲ့ ရုပ်အလောင်းကိုတော့ အောက်တိုဘာ ၈ ရက်နေ့မနက်ပိုင်းတွင် အိမ်သူအိမ်သားများနဲ့ ဒေသခံပြည်သူများက အသုဘချပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ဘန်လုံတောင်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူနေတာကြောင့် သူတို့ထောင်ထားတဲ့ မြေမြုပ်မိုင်းဖြစ်နိုင်ကြောင်းလည်း ဒေသခံပြည်သူအချို့က ယူဆထားပါတယ်။

မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ မိသားစုများအတွက် မြေမြုပ်မိုင်းက ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသလို ၂၀၂၁ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအတွင်း မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် ၉၀ ကျော်ရှိခဲ့ပြီး ၅၃ ဦးသေဆုံးခဲ့ကာ ၁၀၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း UN OCHA ကထုတ်ပြန်ထားပါတယ်။

ထိုအထဲတွင် ရှမ်းပြည်နယ် ၃၇ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်က ၃၀ ရာခိုင်နှုန်းနဲ့ အမြင့်မားဆုံးနေရာအဖြစ်ရှိနေကာ ထိုနေရာများတွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူ ၆၇ ရာခိုင်းနှုန်းရှိနေပြီး ကချင်ပြည်နယ်ကတော့ ၁၉ ရာခိုင်နှုန်းအထိရှိနေပါတယ်။

Leave a Reply

*