မုံးကိုးတွင် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် ၃ နေရာတိုက်ပွဲဖြစ်ပွား ပြည်သူ ၆ ဦးဒဏ်ရာရရှိ

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုး-ဖောင်းဆိုင်ဒေသတွင် အောက်တိုဘာ ၁၂ ရက် ယနေ့တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ ၃ နေရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူတွေရှိခဲ့ပြီး ကျေးရွာ ၃ ခုမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံများ

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် ယနေ့မနက် ၉ နာရီခွဲခန့်တွင် မန်မောင်ကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ ၁၀နာရီခွဲခန့်မှာတော့ ဘန်တောင်တဝိုက် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန် ကိုးကန့်တပ်မတော်မှ မုံးကိုးဗျူဟာကုန်းကို သွားရောက်တိုက်ခိုက်မှုပြုလုပ်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က ပြည်သူတွေရှိနေတဲ့ ကျေးရွာဘက် လက်နက်ကြီးများ ဖြစ်ခတ်လိုက်တာကြောင့် ၂ နှစ်အရွယ် ကလေးနှစ်ဦး၊ အသက် ၆၀ နှစ်အရွယ်တစ်ဦးနဲ့ ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ မုံးကိုးဗျူဟာကုန်းကနေ ကျေးရွာဘက် လက်နက်ကြီး ပစ်ခတ်လိုက်တာကြောင့် ဖောင်ဂျွန်ပါကျေးရွာ၊ ရွာသစ်ကျေးရွာနဲ့ ကောင်တပ်ကျေးရွာရှိ ဒေသခံပြည်သူ ၁၀၀ ကျော် တရုတ်ပြည်နယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

Leave a Reply

*