မုံးကိုးစစ်ရှောင်ပြည်သူများထဲမှ ၃၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state) မုံကိုးမြို့ဘက် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူများထဲတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ တစ်နေ့ထက် တစ်နေ့များပြားလာကြောင်း သိရပါတယ်။

မုံးကိုးမြို့ဘက် တိမ်းရှောင်လာတဲ့ ပြည်သူများထဲတွင် အိမ်ထောင်စု ၁၃၉ စုရှိကာ လူဦးရေ ၆၅၆ ဦးရှိတာဖြစ်ပြီး လက်ရှိအချိန်တွင် ခရစ်ယာန်ဘုရားကျောင်းဝင်း၊ ဘုန်းကြီးကျောင်းဝင်း၊ မုံဘော်ရုံး၊ လီဆူဘုရားကျောင်းဝင်များတွင် ခိုလှုံနေကြရတာဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူများထဲမှ ဖျားနာလာသူများပြားလာတာကြောင့် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေးရာတွင် ၃၆ ဦးတွင် ပိုးကူစက်ခံထားရတာကို တွေ့ရှိခဲ့ရကာ လူဦးရေကြပ်တည်းစွာ နေထိုင်နေရခြင်းကြောင့် ပိုးကူးစက်ခံရသူတွေ ထပ်မံများပြားလာမှာကို စစ်ဘေးရှောင်ပြည်သူများ စိုးရိမ်နေကြရပါတယ်။ လက်တလောမှာတော့ ကိုဗစ်ပိုးရှိသူများကို မုံးကိုးပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေကြပါတယ်။

လက်ရှိ မုံးကိုးမြို့တွင် စစ်ဘေးရှောင်နေကြသူများက နမ်ဟာ၊ ကောင်လုံ၊ မန်ခွမ်၊ ဝေါ်ခရုန်း၊ နောင်လန်းကျေးရွာများမှ တိမ်းရှောင်လာကြသူများဖြစ်ကြပြီး ဩဂုတ်လက ကျေးရွာအနီးတွင် ကိုးကန့်တပ်မတော်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာတာကြောင့် စစ်ဘေးရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

ထိုဒေသများတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေသေးတဲ့အပြင် ဖြတ်သန်းသွားလာခွင့်ကိုလည်း ပိတ်ပင်ထားဆဲဖြစ်တာကြောင့် စစ်ဘေးရှောင်ပြည်သူများက ဆေးဝါးနဲ့စားသောက်ကုန် အကူအညီများလိုအပ်နေကြပါတယ်။

Leave a Reply

*