ကေအိုင်အိုထိန်းချုပ်နယ်မြေ မြောက်ပိုင်းဌာနချုပ် မလိအင်မိုင်နဲ့ မလိခရန်ဝလောင်ဒေသခံများ အထူးတလေသွားလာကြတဲ့နေရာမှာ စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး ကျန်းမာရေးစောင့်ကြည့်ခြင်း သတ်မှတ်လုပ်ဆောင်လိုက်တာကြောင့် စောင့်ကြည့်ခံသူ အယောက် (၈၀) ကျော်က လက်ရှိအချိန်မှာတော့ သောက်သုံးရေနဲ့ အစားအသောက် အခက်တွေ့နေကြရပါတယ်။
ဒီအသွားအလာစောင့်ကြည့်ရေးစင်တာကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေးဗဟိုကော်မတီ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအဖွဲ့တွေကနေပြီး ပူးပေါင်းဖွင့်လှစ်ထားတာဖြစ်ပေမယ့် စောင့်ကြည့်သူဦးရေ သတ်မှတ်ထားတာထက်ပိုမိုလာတာကြောင့် နေရာအခက်အခဲရှိလာသလို ကျန်းမာရေးအသုံးအဆောင်တွေ၊ ဆေးဝါးတွေလည်း လိုအပ်ချက်ရှိလာခဲ့ပါတယ်။
ဒါ့အပြင် ကျန်းမာရေးစောင့်ကြည့်နေရာတွင် ဆရာဝန်နဲ့ စေတနာ့ဝန်ထမ်းတွေလည်း လိုအပ်မှုတွေရှိလာကာ စောင့်ကြည့်ခံသူများတွင် ရောဂါလက္ခာပြသသူမတွေ့ရှိသေးပေမယ့် ရာသီအကူးအပြောင်းကြောင့် ဖျားနာခြင်းအနည်းငယ်သာ ရှိနေသေးတာဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စက်တင်ဘာ ၂၉ ရက်နေ့ ညထုတ်ပြန်ချက်အရ (၁၂၄၂၅) ဦးရှိသွားပြီဖြစ်သလို ဆေးရုံဆင်းခွင့်ရရှိသူကတော့ (၃၃၉၁) ဦးနဲ့ သေဆုံးသူကတော့ (၂၈၄) ဦးအထိ ရောက်ရှိသွားပြီဖြစ်ကာ အာဆီယံနိုင်ငံတွေထဲမှာတော့ ဒုတိယအများဆုံးဖြစ်နေပါတယ်။