ရှမ်းပြည်နယ်မြောက်ပိုင်း ဘွမ်ပရီဘွမ်ဒေသ ဒါလုံအနီး မုံဘော်ချောင်းနဲ့ မန်လွမ်အနီး နမ်ခိုင်ချောင်းတံတားတွင် တပ်စွဲနေရာယူထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပူးပေါင်းဂိတ် နှစ်ခုကို ဇူလိုင် ၂၉ ရက် နေ့လည် ၁၂ နာရီတွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၉) မှ ဝင်ရောက်တိုက်ခိုက်မှုလုပ်ဆောင်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ထိုသို့တိုက်ပွဲဖြစ်ပွားနေစဉ် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်ခဲ့ပေမယ့် ကေအိုင်အေဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိမှုတွေမရှိခဲ့ကာ မွန်းလွဲပိုင်း ၂ နာရီခွဲခန့်မှာတော့ တိုက်ပွဲဖြစ်ပွားသံတွေ ပြန်လည်တိတ်ဆိတ်သွားကြောင့် ရှေ့တန်းစခန်းထံမှ သိရပါတယ်။
ထိုစစ်ဆေးရေးဂိတ်နှစ်ခုကတော့ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပူးပေါင်းဂိတ်ဖြစ်ကာ ဖြတ်သွားဖြတ်လာသူများကို စစ်ဆေးမေးမြန်းခြင်း မတရားလုပ်ဆောင်နေတဲ့ နေရာဖြစ်ကြောင်း သိရပါတယ်။
ထို့ပြင်း ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း ၃၆ နယ်မြေ မုံကိုး-ဖောင်းဆိုင်ဒေသအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားမှုတွေ နေ့စဉ်နဲ့အမျှရှိနေကာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA)ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေ့ရှိနေပြီး ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင်လည်း မန်ယန်ကျေးရွာအနီး စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ကို ကိုးကန့်တပ်မတော်မှ ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ် ညနေပိုင်း ၃ နာရီခန့်အထိ အနီးတဝိုက်နေရာများတွင် လက်နက်ကြီးပစ်ခတ်သံတွေ အဆက်မပျက်ကြားနေခဲ့ရကြောင်း ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။