ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) အခြေစိုက်တဲ့ မုံကိုး-ဖောင်းဆိုင်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA)ကြား တိုက်ပွဲဖြစ်ပွားမှုတွေ နေ့စဉ်ဖြစ်ပေါ်နေကာ ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့တွင်လည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်များက ပန်ဆိုင်းမြို့ကနေ စစ်ရေးလှုပ်ရှားမှုပြုလုပ်လာစဉ် မနက် ၇ နာရီခန့်တွင် ဗမာနိုင်ကုန်းအရောက် ကိုးကန့်တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ထို့နောက် နမ့်ဘာတပ်နဲ့ ရိခူးကျေးရွာကြားတွင်လည်း တစ်ကြိမ်းတိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်း ဒေသခံများကပြောကြပါတယ်။
“တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် အနီးဝန်းကျင်မှာ လက်နက်ကြီးပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားခဲ့ရတယ်၊ မြန်မာစစ်တပ်ဘက်ကတော့ ဆက်တိုက် ထိုးစစ်ဆင်နေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့တွင်လည်း အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားစဉ် ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုတွေရှိခဲ့တာကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီးမှုရှိခဲ့သလို ပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်ရှိမှာတော့ ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရပါတယ်။