မုံကိုး-ဖောင်းဆိုင်တွင် အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်း မုံကိုး-ဖောင်းဆိုင်ကျေးရွာအနီး လက်ဝါးကပ်တိုင်ကုန်းတွင် ဇူလိုင် ၁၁ ရက် ယနေ့ နေ့လည် ၁၂ နာရီခန့်ကနေ အာဏာသိမ်းစစ်တပ်အကြမ်းဖက်အုပ်စုနဲ့ ကိုးကန့်တပ်မတော် (MNDAA) ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် ကိုးကန့်တပ်မတော်မှ ခုခံတိုက်ခိုက်စဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အာဏာသိမ်းစစ်တပ်က ကိုးကန့်တပ်မတော် တည်ရှိရာနေရာဘက် လက်နက်ကြီးများဖြင့် ဇူလိုင် ၁၀ ရက်နေ့ကတည်းက ပစ်ခတ်နေခဲ့တာဖြစ်ပါတယ်။

မုံကိုး-ဖောင်းဆိုင်ဒေသတွင် ဇူလိုင် ၄ ရက်နေ့ကတည်း အကြမ်းဖက်စစ်တပ်နဲ့ ကိုးကန့်တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီအဖွဲ့က လက်နက်ကြီးများဖြင့် ကျေးရွာအနီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရတဲ့အထိဖြစ်ပေါ်ခဲ့ကာ ကျေးရွာအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေလည်းရှိတာကြောင့် စိုးရိမ်းထိတ်လန့်စွာ နေထိုင်နေကြရပါတယ်။

ထို့ပြင် ဇူလိုင် ၉ ရက်နေ့တုန်းက ကချင်လွတ်လပ်ရေးတပ်မတော်တပ်မဟာ (၄) တပ်ရင်း (၃၉) နယ်မြေတဝိုက် အာဏာသိမ်းစစ်တပ်မှ တပ်အင်အား (၁၀၀) ကျော် ခြေလျင်ဖြင့် စစ်ရေးလှုပ်ရှားလာစဉ် နမ့်ပါချီကျေးရွာအနီး ကေအိုင်အေ တပ်ရင်း (၃၉) အဖွဲ့မှ ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

Leave a Reply

*