မုံကိုးဒေသ စစ်ကောင်စီအင်အားတိုးချဲ့ တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း  ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၃၆ အခြေစိုက်တဲ့ မုံကိုးဒေသတွင် အာဏာသိမ်းစစ်တပ်က စစ်အင်အားတိုးချဲ့ခြင်း၊ လက်နက်ခဲယမ်းဖြည့်တင်းခြင်းနဲ့ ထိုးစစ်ဆင်ခြင်းတွေပြုလုပ်နေတာကြောင့် ကိုးကန့်တပ်မတော် (MNDAA) နဲ့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပေါ်နေပါတယ်။

ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင်လည်း ဟူတောင်နဲ့ ကောင်းခါးကြား အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကာ စစ်ကောင်စီတပ်များက အနီးဝန်းကျင်ဘက် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေ ရှိခဲ့ကြောင်း ဒေသခံများကပြောဆိုကြပါတယ်။

 ဩဂုတ်လ ၂၆ ရက်နေ့မှာလည်း မန်ဂျယ်နဲ့ ဟူတောင်ကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ထိုနေ့တွင် အာဏာသိမ်းစစ်ကောင်စီရဲ့  တပ်မ ၉၉၊ ခလရ ၁၄နဲ့ တပ်ရင်းတစ်ခု တပ်အင်အား ၃၀၀ ဝန်းကျင်က စစ်ကြောင်း ၃ ကြောင်းဖြင့် မုံကိုးဒေသဘက် စစ်အင်အားတိုးချဲ့မှုလုပ်ဆောင်ခဲ့ကာ ညနေ ၆ နာရီအချိန်မှာတော့ လက်နက်ကြီးတွေ ပစ်မှတ်မရှိ ပစ်ခတ်မှု လုပ်ဆောင်နေခဲ့ကြောင်း သိရပါတယ်။

မုံကိုးဒေသတွင် အာဏာသိမ်းစစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ကျေးရွာအချို့ နယ်စပ်အနီးဘက် ထွက်ပြေးတိမ်းရှောင်နေကြရကာ မိုးရာသီကာလဖြစ်တာကြောင့် စစ်ဘေးရှောင်ပြည်သူများ အခက်ကြုံနေကြရကာ အကူအညီများ လိုအပ်နေကြောင်း သိရပါတယ်။

Leave a Reply

*