ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state) မုံကိုးဒေသ အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာကုန်းအနီးရှိ လမ်းတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက စားသောက်ကုန်ပစ္စည်းများသယ်ဆောင်တဲ့ကားများကို ဖြတ်သန်းခွင့်မပြု ပိတ်ပင်ထားခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများ အခက်ကြုံနေကြရပါတယ်။

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်များက နေ့ညမပျက် စောင့်ဆိုင်းကာ စားသောက်ကုန်သယ်ဆောင်တဲ့ ကားအားလုံးကို လုံးဝဖြတ်သန်းသွားလာခွင့်မပြုခြင်းကြောင့် စားနပ်ရိက္ခာလိုအပ်မှု ရှိနေပြီဖြစ်ပါတယ်။
“အခုက ပိတ်ပင်လွန်းအားကြီးနေတယ်၊ အဲ့ဒီလမ်းမှာ နေ့ရောညရောစောင့်ပြီးတော့ကို မဖြတ်သန်းခိုင်းဘူး၊ စားအသောက်ကုန်ကတော့ လုံးဝကို မဖြတ်သန်းခိုင်းဘူး၊ ဟိုဘက်ကမ်းမှာက ကိုးကန့်တပ်မတော်ရှိတော့ သူတို့ကို ရိက္ခာပို့ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မဖြတ်သန်းခိုင်းဘူးဗျာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မုံကိုး-ဖောင်းဆိုင်ဒေသအနီးတဝိုက်ရှိ ဒေသခံပြည်သူများက လက်ရှိတွင် တရုတ်နိုင်ငံနယ်စပ်တဝိုက် မိုးကာဖြည့်နေရာထိုင်ခင်းတည်ဆောက်ကာ မိုးရာသီဖြစ်ပေမယ့် ရတဲ့နည်းလမ်းဖြင့် အခက်အခဲကြား နေထိုင်နေကြရကာ တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ အနည်းငယ်ဝေးကွာတဲ့ ကျေးရွာများကတော့ တစ်ခါတစ်လေ နေရပ်ပြန်ကြပါတယ်။
ထိုဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲမကြာခဏဆိုသလို ဖြစ်ပွားနေတာကြောင့် ပြည်သူ တစ်ထောင်နီးပါးက ထွက်ပြေးတိမ်းရှောင်နေကြသလို ကျေးရွာအချို့ရှိ နေအိမ်များကလည်း လက်နက်ကြီးကျည်ထိမှန်ပြီး ပျက်စီးမှုတွေရှိနေပါတယ်။