မုန်ဂျီဒေသတွင် ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုန်ဂျီဒေသ ဘန်လွမ်တောင်နဲ့ နမ့်ဟူကြား ယနေ့ နိုဝင်ဘာ ၁၂ ရက် နေ့လည် ၁၁ နာရီခွဲခန့် ကေအိုင်အေတပ်မဟာ ၁၀ တပ်ရင်း ၂ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က မုန်ဂျီတပ်စခန်းကနေ စစ်ကြောင်းထွက်လာပြီး နမ့်ဟူဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာစဉ် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ကာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်များတွင် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ ထပ်တိုးလုပ်ဆောင်လာကာ စစ်အင်အား၊ လက်နက်ခဲယမ်းဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ယနေ့တွင်လည်း ကွတ်ခိုင်ရှိ စစ်တပ်က စစ်လက်နက်ခဲယမ်းများ အပြည့်တင်ဆောင်ထားတဲ့ ယာဉ် ၂၉ စီးဖြင့် မန်ပိန် ဘက်ချီတက်သွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

ယမန်နေ့တွင်လည်း ကေအိုင်အေ တပ်ရင်း ၃ နယ်မြေ မိုးမောက်တွင်လည်း စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ကေအိုင်အေတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် သုံးလုံးလည်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ခြင်းကိုခံလိုက်ရကြောင်း သိရပါတယ်။

Leave a Reply

*