လိုင်ဇာမြို့နဲ့ အနီးဝန်းကျင် နယ်စပ်တလျှောက်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဩဂုတ်လ ၁၂ ရက်နေ့ မနက် ၇ နာရီက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများပြားခဲ့တာကြောင့် ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ယနေ့မနက် မိုးကြီး ရေလျှံ မြေမြိုမှုများ တပြိုင်နက်တည်းဖြစ်ပေါ်ခဲ့တာကြောင့် မဂါးယန်စစ်ဘေးရှောင်စခန်းရှိ နေအိမ် ၅ လုံးရေစီးနဲ့အတူ မျှောပါသွားကာ အခြားနေအိမ် ၁၀ လုံး နဲ့ မွေးမြူရေးခြံအချို့လည်း ထိခိုက်ပျက်စီးခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူ ဒေါ်ဆိုင်းဘူ အသက် (၃၈) နှစ်အရွယ် ရေစီးထဲမျှောပါ သေဆုံးခဲ့ရကြောင်း သိရပါတယ်။
“အခုသေဆုံးသွားသူကတော့ မထင်မှတ်ပဲ သူတို့အိမ်နောက်ဖေးက မြေပြိုပြီး ရွှံ့နဲ့ ရေရောပြီး နေအိမ်ဘက်ကျလာတော့ နေအိမ်တဝက်နဲ့ သူကိုဖိမိသွားတယ် ခက်ခက်ခဲခဲနဲ့ ထုတ်ယူခဲ့ရတယ် အသက်တော့ မကယ်လိုက်နိုင်ဘူး” လို့ မဂါးယန်စစ်ဘေးရှောင်စခန်း အတွင်းရေးမှူး ဆရာဖောင်ဒါနော်ဆိုင်း ကပြောပါတယ်။
ရေကြီး မြေပြိုမှုကြောင့် နေအိမ်ပျက်စီးသွားတဲ့ မဂါးယန်စစ်ဘေးရှောင်သူများကို စခန်းရုံးတွင် နေရာချထားပေးကာ အချို့ကတော့ ဆွေမျိုးအိမ်များဘက်ကို ရွေ့ပြောင်းခိုလှုံနေကြရသလို လက်ရှိတွင် စစ်ဘေးအပြင် ရေဘေးအပါကြုံတွေ့ကြရတဲ့ စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာအရေးတကြီးလိုအပ်နေပါတယ်။
တရုတ်-မြန်မာနယ်စပ်တွင်ရှိတဲ့ ဂျဲယာန်စစ်ရှောင်စခန်း ၊ ဖွန်လွန်ယန် စစ်ရှောင်စခန်း ၊ ဒွန်ဘုံ စစ်ရှောင်စခန်း ၊ ဆွတ်မူအောင် စစ်ရှောင်စခန်း ၊ နဲ့ မုန်းဆိုင်ယန်ကျေးရွာများတွက် မိုးသည်းထန်ပြီး မြေပြိုမှုတွေဖြစ်ပေါ်ပေမယ့် နေအိမ်ပျက်စီးခြင်းတော့ မရှိခဲ့ကာ ဂျဲယာန်စစ်ဘေးရှောင်စခန်းနဲ့ ဒွန်ဘုံစခန်းရှိ ပြည်သူအချို့ကတော့ တောင်အမြင့်ပိုင်းဘက် ယာယီပြောင်းရွေ့နေထိုင်နေကြရပါတယ်။