မိုးရွာသွန်းမှု ပြင်းထန်နေခြင်းကြောင့် ရေဘေးစိုးရိမ်နေရ

လိုင်ဇာအနီးဝန်းကျင်တွင် မိုးရွာသွန်းမှုများပြားတာကြောင့် ဇူလိုင် ၁၈ ရက်နေ့က ဒွန်ဘုံးဇွပ်နဲ့ ဒွန်ဘုံးစစ်ဘေးရှောင်စခန်းကြား မြေပြိုမှုတွေရှိတာကြောင့် သွားလာရခက်ခဲစေခဲ့ကာ စစ်ဘေးရှောင်စခန်းရှိအချို့အိမ်များကလည်း ရေတက်လာမှုကြောင့် နေရာရွေ့ပြောင်းရမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ဒွန်ဘုံးစစ်ဘေးရှောင်စခန်းက တရုတ်နိုင်ငံနယ်စပ်တွင် တည်ရှိနေတာဖြစ်ပြီး တရုတ်နိုင်ငံဘက်ခြမ်းအနေဖြင့် ကမ်းနားမြင့်တင်မှုတွေရှိနေတာကြောင့် မိုးအဆက်အပြတ်ရွာသွန်းလာရင် စခန်းအတွင်းဘက်ကို ရေရောက်ရှိလာနေတာပါ။

ဇူလိုင် ၁၈ ရက်နေ့မနက်ပိုင်းမှာတော့ ချောင်းနဘေးနဲ့ ထိစပ်နေတဲ့ နေအိမ်အချို့ဘက် ရေရောက်ရှိလာခြင်းကြောင့် ပြောင်းရွေ့ခဲ့ရပါသေးတယ်။ “ရပ်ကွက် (၂) ဘက် ရေရောက်လာတော့ အိမ်ထောင်စု ၄ စုလောက်ကို ပြောင်းရွေ့ခဲ့ရတယ်၊ ဒီနှစ်တရုတ်က ချောင်းနဘေးတွေ မြင့်ထားတော့ မိုးရွာသွန်းမှုတွေ အဆက်မပြတ်ဖြစ်လာရင် ကျတော်တို့ စစ်ဘေးရှောင်စခန်းက စိုးရိမ်ဖွယ်တော့ ဖြစ်လာပါတယ်” လို့ စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

လိုင်ဇာမြို့ ရဲတပ်သားများကလည်း မိုးရွာသွန်းမှု စိုးရွားလာတာကြောင့် မြို့တွင်း လှည့်လည်ကြည့်ရှုမှုတွေပြုလုပ်ကာ ချောင်းတွင်း ငါးမျှားမှုကို ပိတ်ပင်ထားကာ မိုးဆက်လက်ရွာသွန်းဖွယ်ရှိနေတာကြောင့် သတိရှိစွာနေထိုင်ကြဖို့ လိုင်ဇာမြို့ အုပ်ချုပ်ရေးမှုး ဆဘော်လဇောင် ကပြောကြားထားပါတယ်။ ပါဂျောင် ရှအစ်ယန်ကျေးရွာဘက်တွင်လည်း ဇူလိုင် ၁၈ ရက်နေ့က ရေတက်လာမှုတွေ ရှိခဲ့ကာ ညနေပိုင်းကတော့ ရေပြန်ကျသွားခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

*